Showing posts with label MyPet. Show all posts
Showing posts with label MyPet. Show all posts


လွန်ခဲ့တဲ့ လေးနှစ်၊ မေလ ရဲ့ ညနေခင်းတခုမှာ အဖေက သူများမလိုချင်တဲ့ ကြောင်လေးတကောင် အိမ်ကိုခေါ်လာတယ်။ ဘာလို ့မလိုချင်တာလည်းဆိုတော့ ထုံးစံအတိုင်း အကောင်လုံးမဲနေလို ့တဲ့။ ကိုယ်တွေကလည်း အမှန်အတိုင်းပြောရရင် ငယ်ငယ်တုန်းက ဖတ်ခဲ့တဲ့ စာတွေ အတိုင်း အနက်ရောင်ကြောင် အဖြူတစက်ကလေးမှ မပါတဲ့ကြောင် တကောင်ကို မမွေးချင်မိဘူး။ ဒါနဲ့ပဲ အဖေ့ကို ဝိုင်းပြောကြသေးတယ်။

အဖေကတော့ ရှင်းပြတယ် သူ ့အိမ်က သူများသာ ပေးချင်တာ စိတ်မချဘူး။ ငါတို ့က ကြောင်လည်း ချစ်တယ်၊ အကြီးကောင်ကြီး ၀ဖီးနေတာကိုကြည့်ပြီး ဂရုလည်း စိုက်မယ်ဆိုလို ့ သာ ပေးလိုက်တာ ပြန်ပေးလို ့တော့ မဖြစ်ဘူးတဲ့။ အမေ ကတော့ ပြောပါတယ် အကြီးကောင်တောင် ညိုလွန်းလို ့ ငါမမြင်တာ သူ ့ကျရင်တော့ တက်နင်းမိမလားပဲတဲ့။

အဲ့ဒီ အချိန်မှာ ကိုယ်တွေက ရှင်မွေးလွန်း အမတွေ နှိပ်စက်လို ့ အမ ဆိုတာ မမွေးချင်တဲ့အချိန်၊ ကြောင်ထီးလေးတွေ ကလည်း တောင်းရခက်၊ အကြီးကောင် ကလည်း ၀တုတ်နေတော့ ကြွက်မဖမ်း၊ အကြီးကောင်ကြီးနဲ့ အဖော်ရအောင် ကြောင်လေး နောက်တကောင်လောက်လည်း လိုချင်၊ ဒါနဲ့ပဲ အားလုံး တိုက်ဆိုင်သွားတော့ အဲ့ဒီ ကြောင်မဲလေးကိုပဲ မွေးလိုက်ကြတယ်။ နောက်ပိုင်းကျတော့ ၂ ခါလား မသိ သူ ့အရင် အိမ်က အန်တီကြီး လာလာ ကြည့်သေးတယ်။ ကိုယ်တွေ မိသားစုက တကယ်ချစ်မှန်းသိတော့ အန်တီကြီးလည်း စိတ်ချမ်းသာတယ်တဲ့။

ကို်ယ်တွေ က ကြောင်ဆို သည်းသည်းလှုပ် ချစ်တတ်တာ ဆိုတော့ အမဲလေးမို ့ အစပိုင်းသာ ဘာညာ ဖြစ်နေတာလေ။ နောက်ပိုင်းကျတော့လည်း ချစ်သွားတာပါပဲ။ ကို်ယ်တွေ အိမ်ကလည်း ကြောင်လေး တကောင် မရှိလိုက်နဲ့ လူတိုင်းက နာမည် ပေးတော့တာပါပဲ။ ကြောင်ခမြာလည်း လူတယောက် နာမည် တမျိုးခေါ်နေတော့ ဘယ်နာမည် မှတ်ရမှန်း မသိဖြစ်မလားတောင် မပြောတတ်ပါဘူး။

သူ ့ကို အရင် အကြီးကောင်ကြီး နာမည်နဲ့ လိုက်အောင် နာမည်တခုကို ရွေးပြီး ပေးလိုက်ကြတယ်။ အဖေကတော့ မဲတူးလေးတဲ့။ အမေကတော့ အကြီးကောင်ကြီးကို ကြွက်ဖြတ်ပြေးတာကို ထိုင်ကြည့်တတ်လို့ တခါတလေ ငပေါ လို ့ခေါ်တော့ အခု အမဲလေးကို ငခေါတဲ့။ ကိုယ်တွေကတော့ နာမည်အရင်းလည်း ခေါ်ရဲ့၊ အဖေ နဲ့ အမေတို ့ခေါ်တဲ့ နာမည်တွေကိုလည်း ခေါ်ရဲ့၊ စုံနေတော့တာပါပဲ။

တကယ်က ကိုယ်တွေ ကြောင်မွေးလာတဲ့ သက်တမ်းတလျှောက်မှာ အမဲရောင် ဆိုလို ့ ၂ ကောင်ပဲ မွေးဖူးတာပါ။ ပထမတကောင်က ကွပ်ပျစ်ညပ်လို ့အမြီးကောက် သွားတဲ့ တမ ဆိုတဲ့ တဲ့ ဗိုက်တပြင်လုံး ဖြူပြီး ကျန်တာ နက်နေတဲ့ ကြောင်မလေးရယ်။ အခု ကြောင်မဲလေးရယ် ပေါ့။ တကောင်လုံး မဲနက်နေတဲ့ ကြောင်ဆိုတာ အခု ကြောင်မဲလေးကျမှ စမွေးဖူးတာပါ။

ကြောင်မဲလေး ကို နင့်မှာ ဘယ်နား အဖြူပါလည်း လို ့ လိုက်ရှာကြသေးတယ်၊ နှုတ်ခမ်းမွေးက အစမဲနက်နေပြီး အဖြူတစက်တောင်မှ မပါဘူးလေ။ အဲ့ဒီလို မဲနက်လွနး်တဲ့ အကျိုးဆက်ကတော့ အမေပြောတဲ့အတိုင်း သူ ့ခမြာ ခဏခဏ တက်နင်းမိ ခံရတာတို့ တိုက်မိခံရတာတို ့ပါပဲ။ မီးပျက်တဲ့ ညတွေမှာဆို ပိုဆိုးပါတယ်။ အကြီးကောင်ကြီး ညိုညိုအရောင် တောင်မှ မမြင်ရတာ သူ ့ကျတော့ ပိုဆိုးတာ မဆန်းပါဘူး။ နောက်ပိုင်းကျတော့ သူက လည်သွားပြီ၊ ခုံအောက်တို ့ လူမသွားတဲ့နေရာတို ့မှာ နေတာပါပဲ။

သူ့ကို မြင်မြင်ချင်း ဘယ်သူမှ မချစ်ပေမယ့်။ တခဏအတွင်း အကြီးကောင်ကြီးရော ကိုယ်တွေရော ချစ်သွားကြတယ်။ ကြောင်မဲလေးက နဲနဲကြီးမှ ရောက်လာပေမယ့် လူတော်တော် ယဉ်တယ်။ ခဏလေးနဲ့ ရင်းနှီး သွားပြီး သူ အိမ်လို ဖြစ်သွားတော့တာပါပဲ။ အကြီးကောင်ကြီး က ရောက်ခါစ တစိမ်းဆိုတော့ မကြိုက်ဘူး သူတို ့ မကြာမကြာ ရန်စောင် တတ်ကြတယ်။ ဟိုက အကောင်ကြီးကြီး၊ အမဲလေးက သေးသေး သွယ်သွယ်လေး ဆိုတော့ ထုံးစံအတိုင်းပဲ ငယ်တဲ့ ကောင်က အသံအကျယ်ကြီး အော်ပြီး အသံနဲ့ ခြိမ်းခြောက်တာပေါ့ ။ ကြောင်ပေါက်စလေးသံတောင်မှ မပျောက် တတ််သေးဘူး၊

ကြောင်မဲလေးက သိပ်ကို သိမ်မွေ ့ ပျော့ပြောင်းပါတယ်၊ ပိန်သွယ်သွယ်လေး သိပ်လည်း မထွားဘူး အရမ်းလည်းမ၀ဘူး၊ ရောက်ပြီး ၁ လ ကျော်လောက် ရောက်မှ၊ အကြီးကောင်နဲ့ တည့်သွားတာပေါ့၊ ဟိုကောင်ကြီး အိပ်နေရင် အနား အတင်း တိုးကပ်ပြီးအိပ်တယ်။ အကြီးကောင်ကလည်း မကြိုက်ဘူး သိပ်ရီ ရတာပဲ ကလေးများကြနေတာပဲ။ နောင်တော့လည်း သဘောကောင်းတဲ့ အကြီးကောင်ကြီးက လက်ခံလိုက်တာပဲလေ။ နောက်တော့လည်း သူတို ့တွေ ချစ်ကြည်ရေးရသွားတာ အကြီးကောင်ကြီးရဲ့ ဗိုက်ပေါ်တောင် အမဲလေးက ခေါင်းဦးပြီး အိပ်တတ်သေးတာ။

အစာကွေျးတော့လည်း သူတို့ ၂ ကောင်ဟာ ကိုယ့် ပန်းကန် ကိုယ် ဘယ်တော့မှ မစားဘူး ခဏပဲ စားပြီး၊ သူများ ပန်းကန်ထဲက အစာတွေ သွားစားတော့တာပဲ သူများဟာ ပိုကောင်းတယ် မှတ်တယ် နဲ့ တူပါတယ်။ (တကယ်က တူတူကွေျးတဲ့ ဟာပဲ)။ အမေကတော့ တခါတလေ သူတို ့ကို စိတ်လို လက်ရရှိရင် အကြီးကောင်ကြီး နဲ့ အငယ်ကောင်လေး ဆိုပြီး ခေါ်တယ်လေ။ အခု အမေခေါ်တတ်တဲ့ အကြီးကောင်ကြီး နဲ့ ကြောင်မဲလေး ဆိုပြီးပဲ ရေးလိုက်ပါတယ်။

ကိုယ်တွေက ကြောင် ညိုကျားလေးတွေ အမွေးများတော့ အခုအမဲလေးက အကုန် ထူးဆန်းနေတော့တာပါပဲ။ ကြောင်မဲလေးတွေက အရိုးအဆစ် သွယ်တယ်၊ မတုတ်ဘူး။ ကနွဲ ့ ကလျှ ပိုနိုင်တယ်။ သူတို ့ သွယ်လျ ပုံက ပိန် တာလည်း မဟုတ်ဘူး။ အသားလည်း ကျစ်တယ်။ သူတို ့ အမွှေးက ကျစ်ပြီး တောက်နေတာပဲ။ ဆီလိုမျိုးထွက်သလား ထင်ရတယ်။ ဘာဖြစ်လို ့လည်း ဆိုတော့ အကြီးကောင်ကြီး ဆိုရင် အမွေးက ဖွာတာတာရှိသလောက် သူကျတော့ ကျစ်ပြီး ပြောင်နေတာပါပဲ။ ပထမ အဖြူစပ်တဲ့ အမဲလေးတုန်း ကလည်း အဲ့သလိုပဲ။ ဒါပေမယ့် အဲ့ဒီတုန်းက တကောင်တလေ ဖြစ်တယ် ထင်တာ။ ခုသူ့ ကျမှ ပို သတိထားမိသွားပြီး အခြား အမဲလေးတွေကို လည်း လိုက်ကြည့်မိလို ့လေ။

တကောင်လုံး အမဲ နေတဲ့ ကြောင်မဲလေးတွေ က ဘယ်နေရာက အမဲလေးတွေ ကြည့်ကြည့် တကောင်နဲ့ တကောင် တော်တော် တူပါတယ်။ ကိုယ်လုံး သွယ်မယ် အလျှားရှည်မယ် သိပ်၀လေ ့ ၀ထ မရှိဘူး၊ လမ်းလျှောက်တာ ညင်သာမယ်၊ လမ်းလျှောက်တာ လှပြီး စတိုင်ပိုကျသလားတောင် ထင်ရမယ််။ မျက်နှာတွေက တူတယ် သိပ်လည်းမရှည်သလို သိပ်လည်းပဲ မဝိုင်းဘူး။ သိပ်မွေ ့တယ်လို ့လည်း ဆိုနိုိင်တာကိုး၊ အပူချိန်လည်း အခြားအရောင်တွေ ထက် ပိုမြင့်ပါတယ်။

၂၀၀၅ မေလ လောက်မှာ အိမ်ရောက်တဲ့ ကြောင်မဲလေးက ၂၀၀၆ သြဂုတ်မှာ မြွေကိုက်ခံရပြီး ဆုံးသွားတယ်။ မဆုံးခင် မိုးမိပြီး နေမကောင်းဖြစ်နေသေးတယ် နောက်တော့ အိမ်ပြန်မလာတာ ၂ ရက်လောက်အကြာမှာ ခေါင်းရင်း အိမ်က ဦးလေးကြီးက နင်တို ့အိမ်က ကြောင်အမဲလေး လားမသိဘူး ငါ့တို ့ ခြံနောက်ဖက်မှာ သေနေတယ် ဆိုတော့မှ မြွေကိုက်ခံရပြီး ဆုံးမှန်းသိရတာပါ။ မြွေပေါက်ဒဏ်ရာနဲ့ပေါ့။

အကြီးကောင်ကြီးထက် လေးနှစ်လောက် ငယ်တော့ အကြီးကောင်ကြီးထက် ကြာကြာနေရမယ်ပဲ အောက်မေ့တာ၊ ခုတော့ သူက အရင်ထွက်သွားတယ်။ သတင်း ကြားကြားခြင်းတုန်း က တော်တော်တောင် စိတ်မကောင်း ဖြစ်လိုက်သေးတယ်။ ခဏလေး နဲ့ မြန်မြန် ၀ဠ်ကျွတ်သွားတယ် လို ့ပဲ စိတ်ဖြေရတာပါပဲ။ နောက်ရက်တွေ အကြီးကောင်ကြီးက တညောင်ညောင် အော်ရင်း လိုက်ရှာသေးတယ်ပြောလို ့ စိတ်မကောင်း ထပ်ဖြစ်ရသေးတယ်။ ဒီလိုနဲ့ပဲ ကြောင်မဲလေး လည်း ကို်ယ်တွေ ဘဝထဲက ထွက်ခွာသွားတာပါပဲ။ သူ ့ကြောင့် သာ ကိုယ်တွေက ကြောင်မဲလေးတွေကို စိတ်ဝင်စားပြီး ပိုချစ်တတ်ခဲ့တာကတော့ ငြင်းလို ့မရတဲ့ အမှန်တရား တခုဆိုတာပါပဲ။

ညီမူရာ

အကြီးကောင်ကြီးရော ကြောင်မဲလေးပါ ပေးထားတဲ့ နာမည်လေးတွေ သိပ်လှတယ်၊ ဒါပေမယ့် ထုတ် မရေးဖြစ်တော့ပါဘူး။

Share


ကမ္ဘာပေါ်မှာ ရှိတဲ့ တိရစ္ဆာန်လေးတွေ ထဲမှာ ကြောင်တွေဟာ ချစ်စရာ အကောင်းဆုံးကွ၊ လို ့ပြောတော့ သက်ထားက ရီလို ့သာနေပါတယ်။ ကြောင်တွေနဲ့ စာရေးသူ ဘယ်လို ရှေးဘဝ ရေစက်ရှိတယ်လို ့ မဆိုနိုင်ဘူး ကြောင်မြင်ရင် ချစ်လို ့သာနေပါတယ်။ လမ်းမှာ ကြောင်တကောင် တမြှီးများ မတွေ ့လိုက်နဲ့ ချစ်စရာလေး တို ့ ချစ်စရာကြီးတို ့ စသဖြင့် ရေရွတ်တတ်ပါတယ်။ ကြောင် ချစ်သူပဲ ဆိုကြပါစို ့ရဲ ့။

ဖြစ်ချင်တော့ သက်ထား က ကြောင်တွေကို အသဲယားတတ်သူပါ။ သူက ကြောင်တွေ နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတာလည်း ပါပါတယ်။ စာရေးသူ က ငယ်ကတည်းက ကြောင်တွေ နဲ့ တရုံးရုံး နပမ်းလုံးပြီး နေတာခဲ့တာ ဆိုတော့ ကြောင်တကောင်တွေ ့တာနဲ့ အသွေးအရောင် ပုံစံကြည့်ပြီး အထီးလား အမလားကို အမြီးလှန်မကြည့်ဘဲ ခွဲခြားတဲ့အထိ ရင်းနှီးတာလေ။


အစကတော့ သက်ထားကတော့ အမြင်ကတ်ပေါ့။ ကြောင်တွေကို သူ ့ထက်တောင် ပိုချစ်သလား လို ့ တောင် ထင်ရှာမလားပဲ။ တကယ်တော့ ကြောင်ကလေး တွေကို ချစ်ရတာ သိပ်ကို သန့်ရှင်းတဲ့ အချစ် လို ့များပြောရင် အဟားခံရမယ်နဲ့ တူပါတယ်။ သက်ထားကို ရှင်းပြရတယ် သူ ့ကို ချစ်တဲ့ အချစ်က တမျိုး ကြောင်ကလေးတွေ အပေါ်ထားတဲ့ အချစ်က တမျိုးလို ့။ နောင်တော့လည်း သူနားလည်သွားပါတယ်။ စာရေးသူက ချစ်တတ်သူမဟုတ်လား။

စာရေးသူ ဘဝမှာ မွေးခဲ့ကြောင်တွေ ချစ်ခဲ့ရတဲ့ကြောင်တွေ လွမ်းခဲ့ရ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ကြောင်လေးတွေ ဆိုတာ နည်းမှမနည်းပဲကိုး။ ငယ်ငယ်ကဆို စာရေးသူတို ့ မိဘတွေက ဘယ်သူ က ဘယ်ကြောင်လေးကို တာဝန်ယူရမယ်ဆိုပြီး ခွဲတမ်းချထားတာလေ။ ကိုယ့်ကြောင် ကို ကိုယ်တာဝန်ယူရ သူတို ့ ချီးတွေ သေးတွေကို ရှင်းရ။ သူတို ့ ပြန်မလာရင် စိတ်ပူရ၊ အခြား ညီအကို မောင်နှမ တွေ ရဲ ့ ကြောင် နဲ့ ပြိုင်ရနဲ့ တကယ့်ကို ကိုယ့်သားသမီး ကျနေတာပါပဲ။

အဲ့ဒီထဲက အချစ်စိတ်တွေ ရှင်သန်ပွားများလာ လိုက်တာ သက်ထားနဲ့ ကျမှပဲ အချစ်တွေ ဖူးစတော့ နဲ့ အဆုံးသတ် သွားတော့တယ်။

ဒီတခေါက် ရန်ကုန်ပြန်တော့ အမေတို ့ အိမ်မှာ ကြောင်မကြီးတကောင်နဲ့ ၂လခွဲ သုံးလ သားလောက် ကြောင်မီးခိုးကျားလေး တကောင် ရောက်နေတယ်။ အမေတို ့က အသက်ရလာတော့ ကြောင်မမွေးချင်ကြတော့ဘူး။ ဒါပေမယ့် ဒီလိုပဲ ကြောင်တွေ က ခဏတာ ရောက်ရောက်လာတတ်တယ်။

အိမ်မှာလည်း ကြောင်မရှိတာကြာတော့ အဖေတို ့အမေတို ့က အဖော်ရတယ်။ ဟင်းအကျန်လေးတွေ ကွေျးရတာပေါ့ဆိုပြီး လက်ခံထားလိုက်ကြတယ်။ ကြောင်အသေးလေးကို ငယ်သေးလို ့ ပိစိလေး လို ့ခေါ်ကြတယ်။


ပိစိလေးက ငယ်သာငယ်တာ တရက်တော့ အိမ်သာတံခါး မေ့ပြီး မပိတ်မိတာ သူက ဝင်ပြီး အီးပါတယ်လေ။ မသင်ရဘူး။ အဲဒါနဲ့ အမေတို ့က ချစ်သွားပြီး အိမ်မှာ ခေါ်ထားချင်ကြတယ်။ ဒီလို နဲ့ နောက်ရက်ကျတော့ ပိစိလေးကို မတွေ ့တော့ဘူး။ သူ အမေကြာင်မကြီးကလည်း ရှာ ကိုယ်တွေ ကလည်း ရှာနဲ့ သက်ထားကတောင် စိတ်ပူရှာတယ်။ နောက် ၅ ရက်လောက်နေမှ ပိန်ချုံးပြီး ပြန်ရောက်လာတယ်။ ကြောင်မကြီး ဘယ်ကနေ သွားပြန်ရှာတွေ ့လာလဲမသိပါဘူး။

ပိစိလေး ပြန်လာတော့ တအိမ်လုံး ဝမ်းသာကြတာပေါ့။ သက်ထားကလည်း တခါမှ ကြောင်လေးတွေ နဲ့ မရင်းနှီးဖူးတော့ သူခမျာ အခုမှ ကြောင်တွေကို စိတ်ပူရတဲ့ ဒုက္ခ ခံစားဖူးတာပါ။ ကြောင်အငယ်လေး ကို အခုမှ ရင်းရင်းနှီးနှီး ကိုင်ဖူး ထိဖူးတာတဲ့လေ။ နောက်တော့ သူလည်း သံယောဇဉ် တွေ ဖြစ်ပြီး ချစ်သွားလေရဲ ့။ ပိစိလေးက ချစ်စရာလေးနော် လို ့တောင် ခဏခဏ ပြောတဲ့အထိပါပဲ။ ပထမတော့ သက်ထားလည်း ကြောင်ပေါက်လေးကို မကိုင်ရဲဘူးလေ။ နောက်တော့ ချစ်လို ့ဆိုပြီး လိုက်လိုက်ဖမ်း တာ။ ဟိုပိစိက ထွက်ပြေးနဲ့ ပျော်စရာကြီးပေါ့။



သံယောဇဉ်ဆိုတာ ငြိတွယ်တတ်တဲ့ သဘောရှိပေမယ့် စာရေးသူကတော့ ကြောင်ဆိုတာ မြင်လိုက်တာနဲ့ ချစ်နေတော့ တာပါပဲ။ အခုဆိုရင် ကြောင်တွေ ဟာ သိပ်ချစ်စရာကောင်းတာပဲ လို ့ ဆိုတော့ သက်ထားက ပြုံးရင်း ထောက်ခံနေပါတော့တယ်။

ညီမူရာ

Share

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.