Showing posts with label General. Show all posts
Showing posts with label General. Show all posts

မြန်မာနိုင်ငံက မော်တော်ယာဉ် နံပါတ်ပြားတွေကို စာရင်းဇယားမှန်ကန်ရေး နဲ့ ကွန်ပြူတာ ကင်မရာတွေကနေ မှတ်တမ်းတင်ရလွယ်ကူစေရန် ၂၀၁၃ ခုနှစ် ဂျူလိုင်လ ၁ ရက်နေ့ မှ စတင်ကာ အင်္ဂလိပ် အက္ခရာ နံပါတ်များကို စတင်ပြောင်းလဲသွားမယ်လို ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီသတင်းကို ၂၀၁၃ ခုနှစ် ဂျူလိုင်လ ၂ ရက်နေ့ထုတ် သတင်းစာများမှာ ဖေါ်ပြထားပါတယ်။ ပြည်နယ်နှင့် တိုင်း(ဒေသကြီး) အလိုက် အင်္ဂလိပ် အက္ခရာများ သတ်မှတ်ပေးထားတာကိုလည်း အောက်ပါအတိုင်း တွေ့ရမှာပါ။


အငှားယာဉ်များကို အရင်က ကက ခခ သတ်မှတ်တဲ့အတိုင်း အေအေ ဘီဘီ နဲ့ ခုနောက်ဆုံး စီစီ တွေကနေ သတ်မှတ်ပေးမယ်လို ့ ကြေညာထားပါတယ်။

နောက်ဆိုရင် တနိုင်ငံလုံး အတိုင်းအတာ နဲ့ ယာဉ်နံပါတ်တွေကို အင်္ဂလိပ်လိုတွေပဲ မြင်ရတော့မှာပါ။ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတခု အဖြစ်ကြိုဆိုရမှာ ဖြစ်ပါတယ်။


ယာဉ်နံပါတ်များ အင်္ဂလိပ် အက္ခရာသို ့ ပြောင်းလဲခြင်းကို ကုန်းလမ်းပို့ဆောင်ရေး မှ ဒုညွန်မှူး နှင့် မြန်မာ့အသံ ရေဒီယို အင်တာဗျူး :to listen



ညီမူရာ...

Share

ကြော်ငြာဆန်းထုတ် အာထရာဘွတ်ခ်

ရုပ်မြင်သံကြားကြည့်တိုင်း ကြော်ငြာဆိုတာ လာတတ်စမြဲပေါ့။ ခုတလော တီဗီမှာ စိတ်ဝင်စားစရာကောင်းတဲ့ ကြော်ငြာအချို့လာပါတယ်။ တင်ပြပုံနဲ့ ကြော်ငြာလိုတဲ့ ထုတ်ကုန်ကို မှတ်မိအောင် လုပ်နိုင်စွမ်းတယ်လို ့ စာရေးသူကတော့ ခံစားရပါတယ်။

တခြားတော့ မဟုတ်ပါဘူး ကွန်ပျူတာတွေမှာ မရှိမဖြစ် ပရော်ဆက်ဆာ ထုတ်လုပ်တဲ့ အင်ထဲ ကကြော်ငြာတာပါ။ နဲနဲတော့လည်း အံ့အားသင့်ပါတယ် ကြော်ငြာစရာလို လို့လားပေါ့။ တကယ်ဆို သူကကြော်ငြာရမှာ မဟုတ်ဘဲ ကွန်ပျူတာ အလုံးလိုက်ထုတ်တဲ့ အေးဆု တို ့ အေးဆာ တို့ က ကြော်ငြာရမှာ မဟုတ်လား။

ဒါပေမယ့် ဒီနှစ်ထဲက အင်ထဲရဲ့ ရောင်းအားနဲ့ ရုပ်ပုံလွှာကို မြှင့်တင်ဖို ့ ဒေါ်လာငွေအမြောက်အမြား သုံးစွဲထားတယ်လို ့ သတင်းတွေထွက်ပြီး သိပ်မကြာခင်မှာပဲ လူပြောများတဲ့ ကြော်ငြာလေးတွေ ထွက်ပေါ်လာတာပါပဲ။

ပထမဆုံးကြည့်မိတဲ့ကြော်ငြာကတော့ နာမည်ကျော် ၁၉၉၅ ခုမှာ ထွက်ရှိခဲ့တဲ့ ဒက်စပါဒရို ဆိုတဲ့ ရုပ်ရှင်ရဲ့ နာမည်အတိုင်း ပေးထားတဲ့ ကြော်ငြာပါ။ ရှေးခေတ်ပုံစံ ဆက်တင်မှာ ဟိုးအရင်က ခပ်ထူထူ နှေးနှေး လက်တော့တွေကိုယ်စီ ကိုင်လာတဲ့ ကောင်းဘွိုင် ၂ယောက်နဲ့ နောက်ဝင်လာတဲ့ အယ်ထရာဘုတ် ပါးပါးလွှာလွှာ ကိုင်လာတဲ့ ကောင်လေးတယောက် နဲ့ ရိုက်ထားတာပါ။



နောက်တခုကတော့ အရမ်းကို ဟော့နေတဲ့ ကြော်ငြာဖြစ်တဲ့ သိုင်းလောက ပုံစံရိုက်ထားတဲ့ကြော်ငြာပါ။ အမျိုးသမီးနှစ်ယောက် ကော်ဖီဆိုင်မှာ လက်တော့သုံးဖို ့ ဘက်ထရီကြာကြာမခံတဲ့အတွက် ပါ၀ါပလပ်ပေါက် လုရင်း မစ်ရှဲယိုး ကျန်းဇီယိ တို ့နဲ့ ရိုက်ထားတဲ့ ချောင်းဝပ်နေသောကျား ရုပ်ရှင် ထဲကလို ခပ်ဆင်ဆင်လေး တိုက်ခိုက်ကြတဲ့ ဇာတ်လမ်းလေးပါ။ အဲ့ဒီကြော်ငြာရဲ့ နာမည်ကျတော့ ၂၀၀၄ ကထွက်တဲ့ ဓါးပျံစံအိမ် ဆိုတဲ့ ရုပ်ရှင်လို လက်တော့ပျံစံအိမ် လို ့ပေးထားကြောင်းပါ။ ခံစားကြည့်ကြပါ။



ဆက်လက်ပြီး အင်ထဲက ဘယ်လိုတွေများတင်ဆက်ဦးမလဲ စိတ်ဝင်စားသူများ အင်ထဲရဲ့ တရားဝင် ယူထုချန်နယ် မှာဆက်လက်ရှုစားကြပါလို ့ လက်တို့ရင်း...

ညီမူရာ

အမည်အချို ့ကို စိတ်ထဲရှိသလို ဘာသာပြန်ထားတာပါ။

Share

၂၀၁၂ ခုနှစ် ဧပြီလ နောက်ဆုံးပတ် ကပေါ့ သြစတြေးလျ အင်တာနက် အသိုင်းအဝိုင်း မှာ အင်တာနက်ပေါ် အချိန်နဲ့တပြေးညီ ထုတ်လွှင့်တဲ့ ဗီဒီယို တခု တော်တော်ရေပန်းစားသွားပါတယ်။



iiNet လို ့ခေါ်တဲ့ အင်တာနက် ၀န်ဆောင်မှု ပေးတဲ့ ဆားဗစ်ပရိုဗိုက်တာ က ၀န်ထမ်းတယောက်က ၄ ရက်တာ ယာယီ ပရောဂျက် တခုလုပ်တာပါ။ အဲ့ဒါက သြစတြေးလျှ အနောက်ဖက် ပြည်နယ်မြိုတော့် ပါ့(တ်) မြို ့ က ကတ်ဟဲဗင်း (ကြောင် များရဲ့ နိဗ္ဗာန်) CAT HAVEN လို ့ခေါ်တဲ့ ကြောင်တွေကို ပြုစုစောင့်ရှောက်တဲ့နေရာကို လူသိများစေဖို ့ ပရိုမိုးရှင်းပြုလုပ်ပါတာပါပဲ။ အဲ့ဒီ အစီအစဉ်ကို KittyCam လို့ နာမည်ပေးပြီး အချိန်နဲ့တပြေးညီ လိုက်ဖ် လွင့်လိုက်တာပါ။ ကတ်ဟဲဗင်း က ကြောင်တွေ တနေ့တာ ဘယ်ပုံနေထိုင်သွားလာလှုပ်ရှား ဆော့ကစား ကြတယ်ဆိုတာကို ကင်မရာအသေးလေး တလုံးနဲ့ရိုက်ပြီး မနက်၈ နာရီကနေ ညနေ ၅နာရီအထိ အချိန်နဲ့တပြေးညီ လွှင့်ထားတာပါ။

picture: gizmodo.com.au


အဲ့ဒီမှာ သြစတြေးလျှ အင်တာနက် လူမှုအသိုင်းအဝိုင်းမှာ အတိုင်းအတာတခုအထိ နာမည်ကြီးသွားပါတယ်။ ဖေ့ဘုတ် တို ့ တွစ်တာ တို ့ရဲ့ အကူအညီလည်းပါတယ်ပေါ့။ ဘယ်လောက်အထိ အဲ့ဒီ ပရိုမိုးရှင်းက ထိရောက်သလဲဆို ဧပြီလ နောက်ဆုံး စနေ၊တနင်္ဂနွေ နှစ်ရက်ထဲတင် ကြောင် ၅၉ ကောင် ကို မွေးစားမယ့်သူတွေက လာရောက် ခေါ်ဆောင်သွားတာပါပဲ။

အဲ့ဒီ အရေအတွက်ဟာ ကတ်ဟဲဗင်း ရဲ့ နှစ်ငါးဆယ် ရာဇဝင်မှာ တခါမှ မရှိဘူးတဲ့ စံချိန်ချိုးမှု တခုလည်း ဖြစ်သွားပါတယ်။ အဲ နောက်တရက် တနင်္ဂလာ ကစလို ့ သြစတြေးလျှ နိုင်ငံထုတ် သတင်းစာတွေမှာလည်း သတင်းတို လေးတွေ အဖြစ်ဖော်ပြ ပါလာကြပါတယ်။

ကတ်ဟဲဗင်းက လူတွေအဖို့ အဲဒီလောက် အတိုင်းအတာတခုအထိ နာမည်ကြီးသွားတဲ့ အတွက် အံ့အားသင့် ၀မ်းသာကြပြီး အဲ့ဒီ ကစ်တီကမ် ကို အမြဲလွင့်တင်ဖို ့ ဆုံးဖြတ်စေတဲ့အထိ ဖြစ်သွားပါတယ်။ ဒါနဲ့ သူတို ့လည်း အိုင်အိုင်နက်ကို ဆက်သွယ်ပြီး အမြန်ဆုံး အကောင်အထည် ဖေါ်လိုက်ကြတာဟာဖြင့် မေလ ၄ ရက် သောကြာနေ့က စလို ့ သြစတြေးလျှ အနောက်ဖက်ပြည်နယ် စံတော်ချိန် မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ နေ့စဉ် အင်တာနက်ပေါ်ကနေ ကြောင်လေးတွေ ရဲ့ သဘာဝကို အမြဲမပြတ် ရှုစား နိုင်ကြပြီ ဖြစ်ပါတယ်။

ကြောင်ချစ်တဲ့ သူဖြစ်တဲ့ စာရေးသူ အတွက်လည်း တခါတလေ အလုပ်မှာ ငြီးငွေ့တဲ့ အခါ ကြည့်လို ့ရတာမို ့ ကိုယ့်လိုပဲ ကြောင်ချစ်တဲ့သူတွေ ဒါမှမဟုတ် ကြောင်လေးတွေ ရဲ့ နေပုံထိုင်ပုံကို လေ့လာ စူးစမ်းလိုတဲ့သူတွေ ကြည့်လို ့ရအောင် မျှဝေပေးလိုက်ပါတယ်။

to watch #KittyCam : KittyCam streaming link

ဒီပုံလေးကတော့ သူတို ့ လွင့်တာ ရပ်နားဖို ့ အချိန် ကျရောက်ခါနီးမှာ ကြည့်တဲ့သူတွေကို နောက်နေ့မှ လာကြည့်ဖို ့ အသိပေးနေတာပါ။


iiNet Freezone KittyCam Offical link <- in that link you can watch previous day recorded video.



ညီမူရာ

Share


ကိုယ်တွေ ဇနီးမောင်နှံ အကြိုက်တူတဲ့ အစားအစာ တမျိုးရှိတယ်။ အခြားတော့ မဟုတ်ပါဘူး ပေါက်စီ ပါ။ ထုံးစံ အတိုင်း ၀က်သား ပေါက်စီ ကို အကြိုက်ဆုံးပေါ့။ ငယ်ငယ် ကတော့ လက်ဖက်ရည်ဆိုင်တွေမှာ
စားလိုက်တာပဲ။ စိတ်တိုင်းကျ က ပေါက်စီ။ လက်ရွေးစင်က ပေါက်စီ။ နောက်ပိုင်း မန်းမြို့တော် ပေါ်လာတော့ မန်းမြို့တော်ကို လက်ဖက်ရည်ဆိုင် အများစုက ယူရောင်းကြတော့ ကြုံတိုင်းစားဖြစ်ပါတယ်။ နောက်တခါ
လားရှိုးခုနှစ်လွှာ ပေါက်စီ ရန်ကုန်မှာ လာရောင်းတော့ စားကြည့်သေးတယ်။ အလွှာအထပ်တွေနဲ့ သိပ်မကြိုက်လှဘူး။ ပေါက်စီ ဆိုရင် မန်းမြို့တော် လိုမျိုး ပေါက်စီ ဂျံုသားထဲမှာ ဆီ မပါမှ ကြိုက်တာကိုး။

ပေါက်စီက သယ်ရလွယ်တယ်။ စားရ နူးညံ့တယ်။ အများအားဖြင့် ပူပူနွေးနွေးရတတ်တယ်။ ကံကောင်းရင် ဘဲဥအငံ တို ့ ၀က်အူချောင်းတို ့ အသီးအရွက်တို ့ ပါတတ်သေးတယ်။ ရေနွေးကြမ်းနဲ့လည်း လိုက်တယ်။

ပြောရရင်တော့ ပေါက်စီ ကို ကြိုက်တတ်တဲ့သူတွေမို ့ ပြောလို ့ ဆုံးနိုင်မယ် မထင်ပါဘူး။ တခါတော့ ကိုယ်တိုင် လုပ်စားကြည့်သေးတယ်။ ကိုယ်တိုင်လုပ်တော့ အရသာက သိပ်မမှန်ဘူးလေ။ ဒါကြောင့် ကိုယ်ကြိုက်တဲ့ အရသာ ရှိတဲ့ ပေါက်စီကိုဝယ်ပဲ စားလိုက်တာပါပဲ။

ပေါက်စီ စားချင်တဲ့ စိတ်က မကြာခဏတော့ ပေါ်ပေါ်လာတတ်တယ်။ အဲ့လို စားချင်စိတ်ရှိတဲ့အခါ ခပ်စိပ်စိပ်လေး စားဖြစ်တယ်။ ယိုးဒယား ရောက်တုန်း 7eleven လို ဆိုင်မျိုးတွေ Tesco Express လို ဆိုင်မျိုးတွေမှာ ပေါက်စီ ရောင်းတတ်တော့ သိပ်ဟန်ကျတာပဲ။ 7eleven ဆိုင်တွေက မှိုလိုပေါက်နေတော့ စိတ်ရှိတိုင်း ၀ယ်စားလို ့ ရတယ်။ အရသာကလည်း ရန်ကုန်မှာ ငယ်ကတည်းက စားခဲ့ရတဲ့ အရသာမျိုးဆိုတော့ အကိုက်ပေါ့။ မှတ်မှတ်ရရ ပတ်တရား မှာ ပေါက်စီ တွေ ့လို ့ ၀ယ်စားနေတုန်း ရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံပါပဲ၊ အဲ့ဒီပုံကို ကြည့်မိတဲ့သူတိုင်း ပေါက်စီသိပ်ကြိုက်ပုံ ရတယ်လို့ မှတ်ချက်ပေးကြတယ်။

နောက် စလုံးရောက်ပြန်တော့ Cheers တို ့ 7eleven တို ့မှာ ပေါက်စီ ရပေမယ် သိပ်စိတ်တိုင်းမကျဘူး။ တခါတလေ တိုပိုင်းယိုး ဘက်ရောက်တဲ့အခါ ပေါက်စီဆိုင်ကြီးတဆိုင်ရှိတော့ စားဖြစ်တယ်။ ဒါပေမယ့် ဝေးတာကြောင့် သိပ်မစားဖြစ်ဘူး၊ အယ်ဂျုးနီစ် ဖက်မှာလည်း ပေါက်စီ ဆိုင်ကောင်းကောင်း တဆိုင်ရှိသေးတယ်။ အန်တီယူစီက အအေးပေးထားတဲ့ ပေါက်စီတွေကို တွေ ့တော့ ဘယ်လိုနေမလဲလို စမ်းစားကြည့်ရာက အရသာမဆိုးတာနဲ့ ခဏခဏ စားဖြစ်သွားတယ်။ ၀ယ်လာပြီး ရေခဲသေတ ာထဲထည့်ထား မနက်မနက် စားခါနီးမှ မိုက်ခရိုဝေ့ နဲ့ နွေးစား အတော်ပဲ တထုပ်ကို အလုံးသေး ၆ လုံးပါတယ် ၂.၇ လောက်ပဲဆိုတော့ တော်တော်တန်ပါတယ်။

ပေါက်စီ ဇာတ်လမ်းက ဒီကို ရောက်တော့ တော်တော် ဂွကျသွားတယ်။ ပေါက်စီဆိုင် မြင်လို ့ စားလိုက်ရင်း ပေါက်စီကြီးက အကြီးကြီး အထဲက အသားက နဲနဲလေး အရသာကလည်း ကိုယ်တွေ အကြိုက်နဲ့ မကိုက်။ ဒါနဲ့ပဲ မစားဖြစ်တာ တော်တော်ကြီးကို ကြာသွားတယ်။

အဲ လွန်ခဲ့တဲ့ သုံးပါတ်လောက်က သက်ထားရဲ ့ ပေါက်စီ စားချင်စိတ်က တစခန်းထပြန်ရော ဒါနဲ့ လက်လှမ်းမီသမျှ ပေါက်စီရောင်းတဲ့ ဆိုင်တွေမှာ တနေရာပြီး တနေရာလိုက်စားကြည့်ရင်းနဲ့ နောက်ဆုံး အကြိုက်ဆုံး ၂ ဆိုင်သွားတွေ ့ပါတော့တယ်။ တဆိုင်က လားရှိုး ခုနှစ်လွှာပေါက်စီလို အလွှာအထပ်တွေနဲ့ သက်ထားရဲ့ အကြိုက်။ ပေါက်စီတလုံးက ၁.၅ ပဲ ပေးရတယ် အရသာနဲ့ အသားပါတာနဲ့ မဆိုးပါဘူး။ နောက်တဆိုင် ကတော့
စာရေးသူအကြိုက် ဆီမပါတဲ့ မန်းမြို့တော် လို အရသာရှိတဲ့ဆိုင်။ ပေါက်စီအကြီးဆို ၂.၃ ပေးရတယ်။ အလတ်ဆို ၁.၄ နဲ့ အသေးဆို ၀.၉ ပေါ့။ တခါတည်း ရန်ကုန်မှာ စားရတဲ့ ပေါက်စီတွေ စားချင်စိတ် အာသာကို ပြေရော ဆိုပါတော့။ အဲ့ဒီ ဆိုင်က ၆ လုံးတွဲ ပေါက်စီ ထုတ်လေးတွေလည်း ရောင်းတော့ အဆင့်ကို ပြေရော။ ရေခဲသေတ ာထဲ ထည့် စားချင်မှ နွေးစားလိုက်ရုံပဲလေ။ တထုပ် ကို ၄.၅ တော့ ပေးရတယ်။ ဆိုင်နာမည် ကလည်း အကောင်းဆုံး ဒင်းဆမ်း တဲ့လေ။ ဟုတ်လည်း ဟုတ်ပါတယ်။ ကိုယ်တွေ ဒီမှာ စားဖူးသမျှထဲမှာတော့ တော်တော်ကောင်းပြီး စျေးလည်း မဆိုးပါဘူး။ ဒါနဲ့ပဲ ဒီတလော မနက်တိုင်း ပေါက်စီ အားပေးဖြစ်နေတယ်။

ပေါက်စီ သိပ်ကြိုက်သူတွေမို ့ ၀ယ်စားခဲ့တဲ့ ပေါက်စီတွေကို ဓါတ်ပုံရိုက်ပြီး ဗိုက်ဆာတဲ့အခါ ကြည့်နိုင်အောင် ဘလော့မှာ တင်ထားလိုက်ပါတယ်။
http://www.blogger.com/img/blank.gif

ပေါက်စီ ကြိုက်သူတွေ ပေါက်စီ ကောင်းကောင်း စားနိုင်ကြပါစေလို ့ ဆန္ဒပြုလျှက်

ညီမူရာ...
you may also like : ဆစ်ဒနီက အကောင်းဆုံး ပေါက်ဆီဆိုင် by Aung.Info

Share

ပြီးခဲ့တဲ့လက ကျန်းမာရေး လိုအပ်ချက်အရ သွေးတွေ မကြာခဏ ဖောက်ပြီးစစ်ဆေးရတယ်။ တလ ထဲမှာ အကြိမ်အများဆုံး ဖောက်စစ်ရတဲ့ လပဲ ဆိုကြပါစို့ရဲ့။

အဲ့ဒီထဲမှာ ၂ ကြိမ်ကတော့ ထူးခြားပါတယ်။ အဲ့ဒီ ၂ ကြိမ်စလုံးမှာ တူညီတာက သွေးကို ဆေးထိုးအပ်လို စုတ်ယူတာ မဟုတ်ဘဲ ပိုက်ကလေးတပ်ထားတဲ့ အပ်နဲ့ဖောက်ယူတာပါ။ ပိုက်တဖက်မှာ လက်ညိုးလောက် ရှိတဲ့ ပုလင်းလေးထဲ ထည့်လိုက်တာပေါ့။ တခါဖောက်ရင် အဲ့လို ပုလင်းလေးနဲ့ ၂ပုလင်း ဒါမှ မဟုတ် သုံးပုလင်း ဖောက်ရတတ်ပါတယ်။

သွေးဖောက်မယ်ဆိုတော့ ထုံးစံအတိုင်း ရေတော့ သောက်ထားတာပေါ့။ ပထမ တခေါက်က သွေးက ဖောက်ပြီးပြီးချင်းမှာ ဆင်းလာပေမယ့် ပုလင်းတဝက်လဲ ရောက်ရော ကျမလာတော့ပါဘူး။ သွေးဖောက်တဲ့ သူက လက်ဖဝါးကို လက်သီးဆုပ်ပြီး နဲနဲ ညှစ်ပေးပါဆိုလို့ ၂ ခါလောက် လုပ်လို်ကတော့ သွေးဆက်လိုက်လာပြီး အဆင်ပြေသွားပါတယ်။

နောက်တခေါက် ကျပြန်တော့လည်း အဲ့လို ပိုက်ကလေး နဲ့ပဲ သွေးဖောက်ခံရပြန်ပါတယ်။ ဒီတခါကျတော့ လက်မောင်း သွေးကြောထဲ အပ်ထည့်ပြီးပေမယ့် သွေးက လုံးဝကို လိုက်မလာပါဘူး။ သွေးဖောက်တဲ့ သူက ဟိုမွှေ ဒီမွှေလုပ်ပေမယ့်လည်း သွေးကထွက်မလာပြန်ပါဘူး နောက်တော့ ထုံးစံအတိုင်းပဲ ညှစ်ခိုင်းပါတယ်။ အပ်ထိုးထားတဲ့ နေရာက စူးကနဲ့ အောင့်ရင်း သွေးတွေ လိုက်လာပါတော့တယ်။

ဇာတ်လမ်းက အဲ့ဒိမှာ စပါတယ် သွေးဖောက်လို့ ပြီးပြီးချင်း ၁၀ မိနစ် အတွင်း သွေးဖောက်တဲ့ သွေးကြောနားမှာ လက်မ တလုံးစာလောက် ဖောင်းပြီးတက်လာပါတယ် တပြိုက်နက်တည်း နာလိုက်တာမှ အရမ်းပါပဲ လက်တောင် ပြန်ဆန် ့လို ့မရပါဘူး ။ ကံကောင်းချင်တော့ ဆရာဝန်တယောက် အနားမှာ ရှိနေပါတယ်။ သူ ့ကို မေးတော့ မစိုးရိမ်နဲ့ သွေးလွတ်ကြောထိသွားတာ ဖြစ်နိုင်တယ် အားနဲ့ ဖိထားဖိထား ရက်နဲနဲကြာရင် သက်သာ သွားလိမ့်မယ်လို့ ပြောပါတယ်။

ဖောင်းနေတာက နာရီပိုင်းလောက်အကြာမှာ ပြေသွားပါတယ်။ ဒါပေမယ့် လက်က ဆန့်လို့မရပါဘူး တော်တော်လည်း နာနေပါတယ်။ ဒီလို ၂ ရက်လောက်အကြာမှာ သွေးဖောက်တဲ့ နေရာရဲ့ အောက်ဖက် လက်ဖျံ ၊ အပေါ်ဖက် လက်မောင်း နဲ့ အောက်ဖက် တံတောင်ဆစ် နေရာတွေမှာ ခရမ်းရောင် အကွက်ကြီးတွေ ပေါ်လာပါတယ်။ လက်ကို မြင်ရသူ အပေါင်း shock ရလောက်အောင် ဖြစ်တဲ့နေရာ အကျယ်အဝန်းက တထွာလောက်ရှိတာကိုး။ သက်ထားကတော့ ထိပ်ဆုံးက စိတ်ပူ ရှာပါတယ်။

တပါတ်လောက် ကြာတဲ့အထိကို လက်က ကောင်းကောင်း ဆန့်လို့မရအောင် နာပါတယ်။
နောက်တော့ အချို့နေရာတွေက နဲနဲ စိမ်းတိမ်းတိမ်းလေးတွေ ဖြစ်လာပါတယ်။ တပတ်လောက်ကြာတော့ အရောင်စုံပါပဲ။ ညိုတဲ့ နေရာက ညို စိမ်းမလို ဖြစ်တဲ့နေရာက စိမ်း။ ၀ါတာတာ ဖြစ်တဲ့နေရာက ၀ါပေါ့။ ၀ါပြီးရင် သက်သာသွားပါတယ်။ ၀ါပြီးတဲ့နေရာက အသားရောင် ပြန်ဖြစ်သွားပါတယ်။

တပါတ်အကြာ မှာ သွေးဖောက်စစ်တဲ့နေရာ ပြန်သွားရတော့ ကွန်ပလိမ်းတက်ပါတယ်။ ကွန်ပလိမ်းတက်တော့ သူတို့က ပြာပြာသလဲ နဲ့ ကြည့်ရင်း စိတ်မကောင်းပါဘူးဆိုတဲ့ အကြောင်း၊ သွေးဖောက်ပေးတဲ့ သူက အတွေ ့အကြုံတော်တော် ရှိတဲ့သူ ဖြစ်ကြောင်း နဲ့ လိမ်းဖို့ ဆေးတမျိုးပေးလိုက်ပါတယ်။ ကံမကောင်းလို့ ဖြစ်တယ်လို ့ပဲ မှတ်ပါတဲ့ ဟုတ်ကဲ့ အဲ့လို ပဲမှတ်ပါတယ်။

တသက်လုံး သွေးဖောက်စစ်လာတာ ဒီတခါ ကျမှ မကြံုစဖူး အဖြစ်ထူး သွားတာကိုး အမှတ်တရပါပဲ။ ဒါပေမယ့် အထဲက နာတာကတော့ ခံရ ခက်ခက်ပဲ။ အခုတော့ အရောင်အဆင်း တဝက်လောက် သက်သာနေပါပြီ။ အဲ့ဒီ ဆေးကို လိမ်းရင် သက်သာတာ ပိုမြန်တယ် ဆိုတာနဲ့ နေ့နေ့ညည လိမ်းရင်း အရောင်စုံဖြစ်နေတဲ့ လက်နဲ့ ဒီစာကို အမှတ်တရ အနေနဲ့ ရေးလိုက်ပါတယ်။

စာဖတ်သူ အပေါင်း သွေးဖောက်တဲ့ အခါ Bruised ဖြစ်ခြင်း ကင်းဝေးကြပါစေလို ့ ဆုမွန်ကောင်းတောင်းရင်း

ညီမူရာ ...

note: fully recovery after three weeks.

...

Share


Amazing Two,





Three, and expected to Four.





Home made foods. :D
ညီမူရာ...

Share


၂၀၁၁ ခုနှစ် ရဲ့ ဒုတိယမြောက် ဖြန့်ချီ ထုတ်ဝေမှု အဖြစ် ဟိုင်ရန် ဗားရှင်း ၁၃.၁ ထွက်ရှိလို့ လာပါပြီ။ အရင်တုန်းက ရေးခဲ့သလို စာရေးသူ အကြိုက်ဆုံး Package တခုလည်း ဖြစ်ပါတယ်။


ဟိုင်ရန်ဘုစီဒီ ရဲ ့ အင်တာနက်စာမျက်နှာလည်း .org အဖြစ်ပြောင်းသွားပါပြီ (www.hirensbootcd.org)။ မမှတ်ရသေးသူများ မပြောင်းရသေးများ ပြောင်းလဲပြီး မှတ်ထားလို့ ရပါပြီ။ အခု ဗားရှင်း ၁၃.၁ မှာ လတ်လတ်ဆတ်ဆတ် tools တွေ ဆော့ဝဲလ် တွေကို အသစ်ထည့်ပေးထားတာ အားရစရာပါပဲ။

ဘာတွေ ပြောင်းလဲတိုးချဲ့ထားသလဲဆိုတာ ဒီနေရာ မှာ ရှုစားလေ့လာလို့ ရပါတယ်။ နောက်တခုက တွစ်တာ သုံးသူများ ချက်ခြင်းလက်ငင်း သိရအောင် ဟိုင်ရန်ဘုစီဒီ ရဲ တွစ်တာ ကို follow လုပ်လို့ ရအောင် ဖေါ်ပြပေးလိုက်ပါတယ်။
twitter: @hirensbootcd
Hiren's BootCD on Facebook

ဟိုင်ရန် ဆိုတာဘာလဲ ဘာတွေလုပ်လို့ရလည်း ဘယ်လို အသုံးဝင်လည်းဆိုတာ မှတ်မိအောင် အရင်ရေးပြီးသား ပို့စ်တွေ နဲ့ပြန်တွဲပေးလိုက်ပါတယ်။

ယူအက်စ်ဘီ ပေါ်က ဝင်းဒိုးစ် အိပ်စ်ပီ အပိုင်း (၁)
ယူအက်စ်ဘီ ပေါ်က ဝင်းဒိုးစ် အိပ်စ်ပီ အပိုင်း (၂)
ယူအက်စ်ဘီ ပေါ်က ဝင်းဒိုးစ် အိပ်စ်ပီ အပိုင်း (၃)

ညီမူရာ...

Share


ပြောင်းလဲခြင်း
ယူနီကုဒ် ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တာတော့ ၂၀၁၀ ထဲကပါ။ ဒါပေမယ့် မအားလပ်တာရယ် အချိန်တခု စောင့်နေတာရယ်ကြောင့် ၂၀၁၁ ကျမှ တကယ့်ကို ပြောင်းဖြစ်သွားပါတယ်။ နောက်တခုက ယူနီကုဒ်ကနေ ဖောင့်တွေ ကိုဖော်ပြပြင်ဆင်ပေးတဲ့ အချက်၊ စာရိုက်နည်းတွေ သက်သာအဆင်ပြေတဲ့ အချက်တွေ ကို နှစ်ခြိုက်သထက် နှစ်ခြိုက်လာတာလည်း ပါပါတယ်။ ယူနီကုဒ် စံမှီတဲ့ ဖောင့်သုံးဖို့ တွန်းအားအနေနဲ့ တတပ်တအား ပါဝင်နိုင်အောင် ဆုံးဖြတ်ပြီး ချက်ခြင်းကို ပြောင်းလိုက်တာပါ။


ယူနီကုဒ် ပြောင်းဖို့ အစဉ်တစိုက် အားပေးတဲ့ ဖူးနုသစ် မှ ကိုဇက်တီ ကို တကယ့်ကို ကျေးဇူးတင်ပါတယ်။ သူ့ကြောင့်သာ မဟုတ်ရင် အီလေးဆွဲပြီး ပြောင်းဖြစ်ဦးမယ် မထင်ပါဘူး။ ခုလည်း ကိုကိုဒီဘီ ပို့လာမယ့် အီးမေးစောင့်ရင်း စာထပ်ရေးလိုက်ပါတယ်။

စာရေးသူ သုံးတဲ့ စက်တွေထဲမှာ လက်ကွက်ကီးဘုတ်တွေ ထည့်သွင်းရတာ မနှစ်ခြိုက်ပါဘူး။ ဒါကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုက သုံးမြဲ သုံးဆဲ ဖြစ်တဲ့ ဝင်းလက်ကွက်နဲ့ပဲ ရိုက်လေ့ ရှိပါတယ်။ ဇော်ဂျီနဲ့ ရေးတော့လည်း ဝင်းနဲ့ရိုက် ပြီးရင် ကိုမောင်လှ တို့တချိန်က လုပ်ထားတဲ့ JavaScript ကွန်ဗာတာလေးနဲ့ ပြောင်းလေ့ရှိပါတယ်။ နောက် သူတို့ကွန်ဗာတာ မရှိတော့ ကိုယ့်ဘလော့မှာပဲ ကိုယ် ပွားထားတာလေးနဲ့ ပြောင်းပြီး သုံးလေ့ရှိပါတယ်။

ဒါကြောင့် ကိုဇက်တီ ကိုလည်း ခု ဝင်း ကနေ ယူနီကုဒ် ပြောင်းတဲ့ဟာ မရှိဘူးလား ဆိုပြီး နားပူနားဆာ လုပ်တော့ သူက စာရေးကြီး ဆိုတဲ့ ပြောင်းတဲ့ကွန်ဗာတာ တခုပေးပါတယ်။ ပရဗိုဒ် ဆိုတဲ့ ယူနီကုဒ်ဖောင့် တော့ သွင်းရသပေါ့လေ။ ဒါပေမယ့် စာရေးသူ စိတ်ကြိုက် ကီးဘုတ် လက်ကွက် သွင်းစရာမလိုပါဘူး။ ဒါကြောင့်ပဲ အမြန်ဆုံးပြောင်း ဖြစ်သွားတာပါ။

စာရေးသူရဲ့ အရင့်အရင်စာတွေမှာ စာရိုက်ပုံအမှားတွေကြောင့် အခုယူနီကုဒ် စံ လိုက်နာတဲ့ဖောင့် လည်းပြောင်းလိုက်ရော အောက်ကမြင့်တွေက ဘေးထွက်ကုန်တာ ဘွားဘွားကြီး ပေါ်လာပါတယ်။ ဒါပေမယ့် ပြန်လိုက်ပြင်ဖို့တော့ ကြာဦးမယ်ထင်ပါတယ်။ ပြန်လိုက်ပြင်ဖို့က အများကြီးကိုး။

ကီးဘုတ် လက်ကွက်ကတော့ စက်ထဲသွင်းပြီး လက်ကွက်ကျင့် ဖို့တော့ သင့်နေပါပြီ။ ဒါပေမယ့် ဘယ်တော့လောက်မှ အကောင်အထည် ဖော်ဖြစ်မယ်ကတော့ မသိသေးပါဘူး။ အသက်တနှစ်ကြီး တာနဲ့ အလုပ်တွေကလည်း ပိုပိုရှုပ်လာတာကြောင့်လည်း ဘလော့ကတော့ အရေးကြဲနေဦးမှာ ဖြစ်ပါကြောင်း ယူနီကုဒ် စံလိုက်နာတဲ့ ဖောင့်ပြောင်းရင်း နှစ်သစ်မင်္ဂလာပါလို့ အားလုံးကို နုတ်ဆက်လိုက်ပါတယ်။

ညီမူရာ...

Useful Links
Office Converter (fonts to fonts converter)
Step by Step guide to how to convert Zawgyi to Unicode for Blogspot by ZT
Unicode User Guide for MyanmarITPro by Ei Maung
FAQ about Myanmar Unicode by saturngod


Share

စိတ်ကြိုက်ဆော့ဝဲလ် အချို့
စာရေးသူ ရဲ့ ခရီးဆောင် ကွန်ပျူတာ ကို ဝင်းဒိုးဆဲဗင်း ၆၄ ဘစ် တင်လိုက်တော့ ဒီဗီဒီ ဒရိုက် ကို သိပေမယ့် ဘန်နာ ဆော့ဝဲလ်တွေက ဒရိုက်ကို ခိုင်းလို့ မရတော့ပါဘူး။ ဖြစ်ချင်တော့ စာရေးသူရဲ့ motherboard chipset က အင်တဲလ် မဟုတ်ပါဘူး။

ဒီလို နဲ့ အမျိုးမျိုးအဖုံဖုံ ရှာဖွေ စမ်းသပ်ပြီးတဲ့ အခါမှာတော့ imgburn ကို သွားတွေ့ပါတယ်။ အကောင်းဆုံးကတော့ ဖရီးဝဲလ် လို့ ခေါ်တဲ့ အခမဲ ဆော့ဝဲလ်ပါ။ ဘယ်ဆော့ဝဲလ် မှ ဘန်းခိုင်းလို့ မရတဲ့ စာရေးသူရဲ့ ဒီဗီဒီဘန်နာကို ကောင်းမွန် အဆင်ပြေစွာနဲ့ တချပ်မှ မပျက်ဘဲ ရိုက်လို့ ရသွားပါတယ်။


imgburn ကို လိုချင်သူများ ဒီနေရာကနေ လွတ်လပ်စွာ အခမဲ့ ရယူနိုင်ပါတယ်။ စာရေးသူ သုံးနေတာ ၂.၅.၀ ထွက်ကတည်းက ဆိုတော့ ၁နှစ်ခွဲလောက်ရှိပါပြီ။ စိတ်ချရပါတယ်။ အရင်က ဘာနဲ့ ရိုက်ရိုက် တဝက်လောက်ဆို ပျက်ပျက်သွားတာ ဒီဆော့ဝဲလ်တွေ့ မှပဲ စိတ်အေးသွားရတော့တယ်။


နောက်ဆော့ဝဲလ်တခုက ပီဒီအက်ဖ် ရီဒါပါ။ Adobe PDF Reader 7 ထွက်တော့ တော်တော်စိတ်ပျက်သွားတယ်။ ဒါနဲ့ အခြားဘာများ ရှိဦးမလဲ ဆိုပြီး လိုက်ရှာကြည့်တာ Foxit PDF Reader ကို တွေ့ပါတယ်။ သူက အဒိုဘီထက်ပေါ့ပြီး Tab တွေ ဖွင့်ကြည့်လို့ ရတာနဲ့ စွဲစွဲမြဲမြဲ သုံးဖြစ်တာ ၄နှစ်လောက်ရှိနေပါပြီ။ Foxit ကို လိုချင်သူများ ဒီနေရာကနေ ရယူနိုင်ပါတယ်။

နောက်တခုကတော့ မီဒီယာ ပလေယာပါ။ သီချင်း ရုပ်ရှင် အစရှိတာတွေကို ကြည့်ဖို့ ဝင်းဒိုးက ပါလာတဲ့ ဝင်းဒိုးမီဒီယာ ပလေယာကို မနှစ်သက်လို့ ဖြစ်နိုင်ရင် ဝင်းဒိုးကို N version ပဲ သုံးလေ့ရှိပါတယ်။ ဒါကြောင့် စက်ထဲမှာ မီဒီယာတွေဖွင့်ဖို့ ဗီအယ်စီ ပလေယာ VLC Media Player ကို သုံးပါတယ်။ ရုပ်ရှင်တွေ ကြည့်တဲ့အခါ စာတန်းပါ ထိုးလို့ရတာရယ် အခမဲ့ ရတာရယ် နောက် ပေါ့ပါးအဆင်ပြေပြီး အသံထွက်ကောင်း တာရယ်ကြောင့် တစိုက်မတ်မတ် သုံးလာတာ ၅ နှစ်တောင် ရှိပါပြီ။ VLC ကို လိုချင်သူများ ဒီနေရာကနေ ရယူနိုင်ပါတယ်။

လူတကိုယ် အကြိုက်တမျိုးရယ်လို့ စာဆိုရှိတဲ့ အတိုင်း သူ့အကြိုက် ကိုယ့်အကြိုက် မတူလွတ်လပ်စွာ ကွဲပြားနိုင်ပေမယ့် စာရေးသူ စိတ်ကြိုက်ဆော့ဝဲလ် လေးတွေအကြောင်း ဝေမျှလိုက်ပါတယ်။

ညီမူရာ

ဖူးနုသစ် မှ ကိုဇက်တီ ကို အထူးကျေးဇူးတင်ပါကြောင်း ဒီနေရာကနေ အသိအမှတ်ပြုပါရစေ။

Share

နွေဦး(နွေ) ရဲ့လက်ဆောင် ယင်ကောင်

နွေဦး ဆိုတဲ့ Spring ရောက်လို ့ ရာသီဥတု ပူအိုက်လာတာနဲ့ အမျှ တော ယင်ကောင်ကြီး (ယင်မမဲ) တွေ သြစတြေးလျှ တိုက် တနံ တလျားမှာ တဝီဝီ နဲ့ ပေါ်ထွက် လာပါတော့တယ် ။ ယင်ကောင်ပဲ ဘာဖြစ်လဲ သူဟာသူ နေမှာပဲ လို ့တော့ မတွေးလိုက်ပါနဲ့။ တကောင် နှစ်ကောင်မဟုတ်ဘူး ခင်ဗျ အုပ်လိုက် အုပ်လိုက် ဒီနားလည်း ယင်ကောင် ဟိုနားလည်း ယင်ကောင်
တဝီဝီ နဲ့ လူတွေပေါ်လိုက်နားနေတော့တာကိုး။ အကျီီတွေပေါ် အဝတ်အစားတွေပေါ် နားတာ မသိသာပေမယ့် မျက်နှာမှာ နားတာကတော့ တော်တော်ရယ်မှ တော်တော် စိတ်ကသိ ကအောင့် ဖြစ်စရာကြီးပါ။

ဒါပေမယ့် ဒါလည်း ကိုယ်တယောက်ထဲမဟုတ်ပါဘူး။ ဝန်ကြီးချုပ်ကစလို ့ ကလေးအထိ တနိုင်ငံလုံး ကြုံတွေ့ကြရတာပါ။ မျက်နှာမှာ နားတဲ့ ယင်ကောင်တွေကို လက်ကလေးတွေ နဲ့ ခါထုတ် ပုတ်ထုတ် ဖယ်ရှားကြရတာလည်း နွေဦး ကနေ နွေအကုန် ဆောင်ဦး ရာသီ အေးလာတဲ့အထိ လူတိုင်းလုပ်ကြရတဲ့ ဖက်ရှင်လို ့တောင် ပြောလို ့ရပါတယ်။

လ အနေ နဲ့ဆို နွေဦး တတိယလ ဖြစ်တဲ့ နိုဝင်ဘာကနေ စပြီး နွေကုန် တဲ့ မတ်လ လောက် အထိပဲ ဆိုပါတော့။

အလွန်များပြားပြီး လူပေါ်မှာ နားနေတဲ့ ယင်ကောင်တွေ က အမတွေပါ။ ယင်ကောင်အမ တွေက ဥ တွေ ဥဖို ့ အတွက် ပရိုတင်း လိုပါတယ်။ ဒါကြောင့် လူတွေရဲ ့ မျက်ရည် ခွေျး ချွဲသလိပ် အစရှိတာကနေ ယူကြတာပေါ့။ အနာရှိရင်လည်း သိတဲ့အတိုင်းပေါ့။ ယင်ကောင် အမတွေမှာမှ အကောင်သေးပြီး ပိန်တဲ့ အကောင်တွေက အငမ်းမရ ဖယ်လို ့မရအောင် လိုက်နေတတ်ပါသတဲ့ ပရိုတင်း ပိုလိုတာကိုး။ ယင်ကောင်အထီး တွေကတော့ အဲ့ဒီ အမတွေ နောက် လိုက်နေတတ်တာဆိုတော့ များပြီးရင်း များရင်းပဲ။

ဒီလောက်များလှတဲ့ ယင်ကောင်တွေက ဘယ်ကနေ ဘယ်လို ဖြစ်လာသလဲ ဆိုတာ လျှောက်ဖတ်ကြည့်တော့ စိတ်ဝင်စားစရာပါပဲ။ ဒါပေမယ့် မဖြစ်နိုင်ဘူးလည်း ပြောလို ့မရပါဘူး။ သြစတြေးလျှမှာ အဓိက ထုတ်ကုန်တခု ဖြစ်တဲ့ အမဲသား လုပ်ငန်းကြောင့် နွားတွေကို အများကြီး မွေးရာက ယင်ကောင်တွေ အထူးများပြား လာရတယ်ဆိုပါတယ်။

ကမ်ဘာ့ ကျွဲနွား ပိုင်ဆိုင်မှုမှာ နံပါတ် ၇ လိုက်တဲ့ သြစတြေးလျှမှာ ကျွဲနွားကောင်ရေ ခန့်မှန်းခြေ သန်း၃၀ လောက်ရှိပါတယ် ကမ်ဘာပေါ်မှာ ရှိရှိသမျှ ကျွဲနွားတွေရဲ ့ ၃ ရာခိုင်နှုန်း ရှိပါတယ်။ တခြား နိုင်ငံတွေက သူ ့ထက်များပေမယ့် တိုက်ရဲ ့ ရာသီဥတု ကလည်း အထောက်အကူပြုတယ်လို ့ ဆိုကြပါတယ်။ အဲ့ဒီ နွားတွေက တရက်ကို နောက်ချေး ၁၂ တုံးလောက် ပါချကြတယ်တဲ့။ နောက်ချေး တတုံးမှာ ယင်ကောင် အကောင် ၂၀၀၀ လောက် ပေါက်ပွားစေနိုင်တယ်လို့
ယူဆကြပါတယ်။ ကဲ နွားကောင်ရေ သန်း၃၀ ဆိုတော့ တွက်သာကြည့်ကြပါတော့။

၁၇၈၈ ခုနှစ် ကိုလိုနီတွေ စရောက်ရောက်ချင်းတုန်း က နွား၅ကောင် ကျွဲ၂ ကောင်ပဲပါပေမယ့် ခုအချိန်မှာ သန်း၃၀ လောက်ရှိနေတော့ ယင်ကောင်တွေ အကြိုက်ပေါ့။ ဒီက ယင်ကောင်တွေက ရာသီဥတု ကို အံတုနိုင်ဖို ့အတွက် အကောင်ကြီးတယ် သန်မာတယ်ပေါ့လေ။ ဒါပေမယ့် တောင်ဖက်ပိုင်း ဒေသက ယင်ကောင်တွေက အေးတဲ့ ဆောင်းရာသီမှာ သေကြေကုန်ကြပေမယ့် ပူနွေး ခြောက်သွေ ့တဲ့ ဒေသတွေမှာတော့ မျိုးပွားထားကြတာပေါ့။ ဟော ဆောင်းကုန် နွေကူးပြီး ပူအိုက်စပြုတဲ့ သြဂုတ်ကနေ နိုဝင်ဘာ လတွေမှာ မြောက်ပြန်လေတွေ နဲ့ အတူ တောင်ဖက်ပိုင်း ဒေသတွေဆီ ယင်ကောင်တွေ ပြန်ရောက်လာကြပါတယ်။

အဲ့ဒီ လေတွေက ဥတွေကို သယ်ဆောင်ထားတဲ့ ယင်ကေင် အမတွေ အများကြီးကို သယ်ယူလာကြတယ်။ တချို ့ ရက်တွေမှာဆိုရင် လေစီးကြောင်းနဲ့ အတူ ခရီးမိုင် ရာနဲ့ချီပြီး ရောက်သွားတယ်။ အရှေ ့ဖက် ကမ်းရိုးတန်းဖက်မှာဆိုရင် သြဂုတ်လမှ စတိုက်တဲ့ မြောက်ပြန်လေတွေ နဲ့ အတူ ယင်ကောင်တွေက ကွင်းစလန် ပြည်နယ်စပ်ကို စရောက်လာကြပြီး
ကင်ဘာရာကို စက်တင်ဘာ လလယ်လောက်မှာ ရောက်လာကြပြီ။ အောက်တိုဘာ လောက်ဆိုရင် ဝိတိုရ ပြည်နယ်လောက်စီကို ရောက်တတ်ကြတယ်။ တက်စမေးနီးယား ကျွန်းကိုတော့ ဒီဇင်ဘာလောက်ဆို ရောက်တတ်ကြတယ် ဆိုကြတယ်။
အနောက်ဖက် ကမ်းရိုးတန်းဖက်မှာ ကြတော့ အောက်တိုဘာ လဆန်းလောက်ဆို အနောက်မြောက်ဖက် ကနေ စပြီး ပြန့်သွားလိုက်တာ အောက်တိုဘာ လကုန်လောက်ဆို အနောက်တောင်ဖက် အကုန်ရောက်သွားပြီ။

ပုံမှန်အတိုင်း ပြန့်မယ်ဆို တက်စမေးနီးယား ကျွန်းရဲ ့ တောင်ဖက် ကီလိုမိတာ ၂၃၀ လောက်အထိ ပင်လယ်ပြင် အထိ လေနဲ့ အတူပါသွားလိုက်တာ ဆောင်းလည်း ပြန်ဝင်လာရော သေလို ့ ပြုတ်ကျတဲ့ ယင်ကောင်တွေဟာ ငါးစာ အဖြစ် ရောက်ကုန်ကြတယ်တဲ့ ။ သူ ့ဟာနဲ့ သူ သံသရာ လည်နေတာပေါ့လေ။

အောက်တိုဘာ ကနေ စလို ့ များလာလိုက်တဲ့ ယင်ကောင်တွေဟာ ဒီဇင်ဘာ ဇန်နဝါရီ အပူဆုံး လတွေမှာတော့ အများဆုံးပါပဲ။ အဲ့ဒီကနေ ပြန်ပြီးလျှော့သွားလိုက်တာ မတ်လလောက်ဆို တော်တော်ကြီးကို ပြန်နည်းသွားကြတယ်။

ဆစ်ဒနီမှာတော့ ယင်ကောင်ပြန့်ပွားမှုက မတည်ငြိမ်ပါဘူး လေ နဲ့ ရာသီဥတု အပြောင်းအလဲမြန်တဲ့ အတွက် ခုများလာလိုက် ခုမတွေ ့ရလိုက် ဖြစ်တတ်ပါတယ်။ အောက်တိုဘာ အထိ တခါတလေ ယင်ကောင်တွေ မရှိသလောက် နည်းပါသေးတယ်။ ဒါပေမယ့် နိုဝင်ဘာ ဒီဇင်ဘာမှာ စပြီးများလာ လိုက်တာ ဇန်နဝါရီမှာ အများဆုံး ဆိုရမယ်။ အဲ နောက်တော့ မတ်လအထိ လျှော့လျှော့သွားလိုက်တာ မတ်လကုန် ဆို ယင်ကောင် ရာသီ ကုန်ဆုံးပြီ လို့တောင် ပြောလို ့ရသွားပါပြီ။

မဲလ်ဘုန်း မှတော့ စက်တင်ဘာ လဆန်းလောက် ကတည်း စ တွေ ့ရတတ်ပြီး အောက်တိုဘာ နိုဝင်ဘာဆို တော်တော်များနေပြီ။ ဒီဇင်ဘာ ဇန်နဝါရီ ဆို အများဆုံး လို ့ ပြောလို ့ရပါတယ်။ ယင်ကောင်လေးတွေ ရဲ့ ပေါက်ပွားမှုလည်း ယင်မမဲကြီးတွေ နဲ့ တူတူမြင့်တက်လာသေးတယ်။

အနောက်ဖက် Perth ဖက်မှာကတော့ တမျိုး။ Perth မှာကျတော့ အောက်တိုဘာ မှာ နဲနဲရှိလာပြီး နိုဝင်ဘာမှာ စများလာလိုက်တာ ဒီဇင်ဘာမှာ အများဆုံးပါပဲ။ အဲ့ဒီဖက်ကျတော့ ဇန်နဝါရီ ကုန်လောက်ဆို မရှိသလောက် ဖြစ်သွားပြီ။ Perth ဖက်ကတော့ အဲ့လို ပုံမှန်လေး ပေါက်ပွားတတ်တယ်။ ဆစ်ဒနီ လို ခုများလိုက် ခုနည်းလိုက် မဖြစ်တတ်ဘူး။

အပူချိန် ၁၂ ဒီဂရီ စင်တီဂရိတ်အောက် ရောက်သွားလို ့ ရှိရင် ဘယ် ယင်ကောင်မှ မပျံနိုင်တော့ဘူး။ နဲနဲလေး အပူချိန် တက်လာလို ့ ၁၂.၅ လောက်ရောက်လာရင် တချို ့တလေသော ယင်ကောင်တွေက နီးနီးနားနား ပျံနိုင်ကြတယ်။ အပူချိန် တက်လာတာနဲ့ အမျှ ပိုပြီး လှုပ်ရှား ပြီး လူတွေကို ကောင်းကောင်း စိတ်အနှောက်အယက်ပေးတော့တာပဲ။ ၂၇.၅ လောက်ဆို သူတို ့အတွက် စိတ်ကြိုက်ပဲ။ တအား ပူလွန်းတဲ့ ၃၅ လောက်ဆို လူတွေ အရိပ်ထဲမှား နားရသလို ့ သူတို ့လည် သိပ်လှုပ်လှုပ်ရှားမရှားမလုပ်ဘဲ အနားယူတတ်ကြတယ်။

မျက်စိ နာ တွေဘာတွေလည်း ဖြစ်ပွားစေတတ်တယ်။ ပုံမှန်ကတော့ စိတ်ရှုပ်စရာ ကောင်းတာပါပဲ အသံတဝီဝီ နဲ့ မျက်နှာတွေ နားတွေ မျက်စိတွေ နှာခေါင်းတွေ ပါးစပ်တွေ နားမှာ နားနေတတ်ပြီး အခန် ့မသင့်ရင် ပါးစပ်ထဲတောင် ဝင်တတ်တယ် ဆိုတော့ စဉ်းစားသာ ကြည့်ကြပေါ့။ မောင်းရင်လည်း မပြေးဘူး လက်နဲ့ ဖမ်းတာတောင် လွယ်လွယ်မိတယ် ဆိုတော့ ဘယ်လောက်အောင် အစာ ပရိုတင်း လိုချင်နေသလဲ ဆိုတာ တွေးကြည့်နိုင်ကြပါတယ်။

ဒီတနှစ်တော့ ရာသီဥတု က တော်တော်နဲ့ မပူဘဲ အေးမြဲအေးနေသေးတော့ ယင်တောင်တွေ အခွင့်မသာသေးဘူး လို ့ အင်တာနက်မှာ ဖတ်လိုက်ရတော့ စိတ်ကူးပေါက်ပြီး ရှာဖွေရင်း တွေ ့သမျှ ဖတ်မိသမျှ နားလည်သလောက် ရေးချလိုက်ပါတယ်။

ညီမူရာ...



Share

အမေဇုံက ထုတ်တဲ့ အီးဘုတ်ရီဒါ ကင်ဒယ် ရဲ ့ တတိယမျိုးဆက် ကင်ဒယ်-၃ (ကေ-သရီး) Kindle 3 စထွက်တာ သြဂုတ်လ ၂၇ ရက်နေ ့ဆိုတော့ ၁ လကျော်ကျော် ရှိပါပြီ။ ကင်ဒယ် မှာ မြန်မာဖောင့်တွေ ထည့်ထားတဲ့ (Embedded Font ပါတဲ့) pdf ebook မျိုးဆို ဖတ်လို ့ရပါတယ်။ ခုဒီပုံကတော့ မြန်မာ စာအုပ်တအုပ်ကို ကင်ဒယ် ပေါ်မှာ ဖတ်နေတာကို ရိုက်ထားတာပါ။


ကင်ဒယ် မှာ အမ်ပီသရီး သီချင်းလည်း အသံအရည်သွေး ကောင်းကောင်းနဲ့ နားဆင်လို ့ရပါတယ်။ စာရေးသူက ဝိုင်ဖိုင် ဗားရှင်း ဝယ်ထားတော့ ဝိုင်ဖိုင် နက်ဝေါ့ ရှိတဲ့နေရာမှာဆို အင်တာနက် သုံးလို ့ရပါတယ်။ စာဖတ်ဖို ့ပဲ လုပ်ထားတာမို ့လို ့ အင်တာနက်က တော့ သိပ်သုံးလို ့မကောင်းပါဘူး။

အင်္ဂလိပ် စာအုပ်တွေဆို အသံထွက်ပြီး ဖတ်ပေးနိုင်ပါသေးတယ်။ အဲ့ဒါတွေ လုပ်ဖို ့ ကင်ဒယ် ရဲ့ Home Key ကို နှိပ် ပြီးရင်း Menu Key ကို နှိပ်ပြီး မီနူး ကျလာရင် Experimental ကို ရွေး ရပါမယ်။ အဲ့ဒီမှာမှ သီချင်းနားထောင်မလား အင်တာနက်သုံးမလား Text-to-Speech စာအုပ်ကို အသံထွက်ဖတ်ခိုင်းမလား လုပ်ရမှာပါ။



ကင်ဒယ်ရဲ ့ အတွင်းပိုင်းဖွဲ့စည်းပုံကို အတွင်းကျကျ လေ့လာဖွင့်ကြည့်လိုသူများ အတွက်လည်း EEVblog ့က Dave က တင်ဆက်ပေးထားပါတယ်။ စိတ်ဝင်စားသူများ ဒီမှာ ကြည့်နိုင်ပါတယ်။



စာဖတ်ဖို ့ အထူးပြုထုတ်ထားတဲ့ အီးဘုတ်ရီဒါ တွေထဲမှာ အကြိမ်ကြိမ် လေ့လာပြီးမှ အားပေးခဲ့တဲ့ ကင်ဒယ် (ကေ-သရီး) မှာ အားနည်းချက် အားသာချက်တွေ ရှိပေမယ့် စာရေးသူ လိုအပ်ချက်နဲ့ အကိုက်ဆုံးဖြစ်လို ့ သဘောကျ နှစ်ခြိုက်ရင်းနဲ့ ဒီစာကို ရေးဖြစ်ပါတယ်။

ညီမူရာ...

video credited to : David L. Jones (EEVblog)

you may aslo like: Nook Color by MrDBA, Kindle Review by MgPyone

Share




မွေးဖွားခြင်း သည် သေခြင်းတရား ဆီသို ့ ဦးတည်နေသော ခရီးလမ်း၏ အစ
- ဟူသော လူ့လောက သဘာဝတွင် အို၊ နာ၊ သေရေးနှင့် မလွဲမသွေ ရင်ဆိုင်ကြရမည်မှာ အမှန်တရားပင် ဖြစ်ပေသည်။

ထိုရှောင်လွဲ၍မရသော အကြောင်းတရားများနှင့် ရင်ဆိုင်နေကြရသူများတွင် ကုသိုလ်ကံ ကောင်းသူများအဖို ့ ၄င်းတို့၏ ဘဝနေဝင်ချိန်အထိ မပူမပင် အေးချမ်းစွာ နေထိုင်သွားနိုင်ကြသော်လည်း ကုသိုလ်ကံ မကောင်းသည့် မိအို ဖအိုများမှာမူ ဘဝနေဝင်ချိန် မရောက်ခင်အကြား ဘဝကို ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်ကျော်နေကြရရှာပါသည်။ အကျိုးပေး ကံကောင်းသည့် ဘိုးဘွားများအဖို ့ သား၊ သမီး၊ မြေးများနှင့် ပျော်ရွှင်နေချိန်တွင် ကံအကျိုးပေး နည်းလှသည့် ဘိုးဘွားများမှာ ပြုစ ုစောင့်ရှောက်မည့်သူများ မရှိ၍ သော်လည်းကောင်း၊ အခြေအနေ အရပ်ရပ်ကြောင့် လက်ခံ စောင့်ရှောက်မည့်သူများ မရှိ၍ သော်လည်းကောင်း အခြေအနေ အရပ်ရပ်ကြောင့် လက်ခံ စောင့်ရှောက် ထားရသော်လည်း ဘိုးဘွားများအပေါ် မနှစ်မြို ့သဖြင့် ငြူစူမှု မျိုးစုံအောက်တွင် သိမ်ငယ်စွာ ခံစားနေထိုင်ကြရကာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရပါသည်။ ထို ့ကြောင့် ကြင်နာစွာ စောင့်ရှောက်မည့်သူ ကင်းမဲ့နေသော ဘိုးဘွားများအတွက် မိသားစုသဖွယ် နွေးထွေးစွာ စောင့်ရှောက်ပေးနိုင်သော သီးသန် ့ ရိပ်သာလေး တစ်ခု လိုအပ်လာပါသည်။

အကြောင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့နေကြသော ဂီလာနဘိုးဘွားများအား ကြင်နာစွာဖြင့် ၄င်းတို ့အသက်ရှင် နေထိုင်နိုင်သမျှ ကာလ အပိုင်းအခြားအထိ ၄င်းတို ့အပေါ်တွင် နားလည် စာနာစိတ်၊ သည်းခံစိတ်ဖြင့် ပြုစုယုယပေးမည့် နွေးထွေးသော မေတ္တာများဖြင့် ဖေးမ ကူညီနိုင်ကြစေရန် မ တည်ငွေဖြင့် ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းကို အကောင်အထည် ဖော်ခဲ့ကြပါသည်။ ရေရှည် တည်တံ့ခိုင်မြဲစေရန်အတွက် အများပြည်သူ စေတနာရှင်များ၏ အကူအညီများ လိုအပ်လျှက်ရှိပါသည်။ ထို ့ကြောင့် ကျွနု်ပ်တို့နှင့်အတူ ဘိုးဘွားများအား နွေးထွေးသော လက်များဖြင့် ဖေးမကူညီကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။


အဖွဲ့အမည်၊ ။ ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့

တည်နေရာ၊ ။ မစိုးရိမ်ကျောင်း မြို ့ဟောင်းအလယ်ရပ်ကွက် သန်လျှင်မြို ့
(ယခု ဒဂုံမြို ့သစ်အရှေ့ပိုင်း တွင် ဘိုးဘွားများ လက်ခံထားရှိ)

ရည်ရွယ်ချက် ။ အသက်အရွယ်အိုမင်း၍ ကျန်းမာရေးချို ့တဲ့ကာ ခိုကိုးရာမဲ့နေသော ဘိုးဘွားများအား မိသားစုပုံစံဖြင့် ကြင်နာယုယမှုပေးရန်။

လုပ်ငန်းအစီအစဉ်၊ ။ အဖွဲ့ဝင် အလှူရှင်တစ်ဦးမှ လှူဒါန်းသော အသင်းပိုင် မြေနေရာတွင် စေတနာရှင်များ၏ အလှူငွေဖြင့် အဆောက်အအုံဆောက်လုပ်၍ လုပ်ငန်းစတင်ရန်၊ ထိုမှ တဖန်အလှူငွေတိုးတက်မှုအပေါ်တွင် အခြေခံ၍ မြေနှင့် အဆာက်အအုံ တိုးချဲ့၍ ဂီလာနဘိုးဘွားများ ထပ်မံလက်ခံရန်။

လက်ခံမည့် ဘိုးဘွား ၊
(၁) လူမျိုး၊ ဘာသာမရွေး ကွေျးမွေးထောက်ပံ့မည့် သားသမီး၊ ဆွေမျိုးများ မရှိသည့် ကျန်းမာရေးချို ့တဲ့နေသော ဘိုးဘွားများ။
(၂) သား၊ သမီး၊ ဆွေမျိုးများ ရှိသော်လည်း၊ ပြုစုစောင့်ရှောက်နိုင်သည့် အခြေအနေမရှိသည့် ဘိုးဘွားများ။

အသက် ကန် ့သတ်ချက်၊
အသက်(၇၀) နှင့် အထက်ဘိုးဘွားများ၊
(လိုအပ်ပါက ကျန်းမာရေးနှင့် အခြားအချက်အလက်များကို ထည့်သွင်းစဉ်းစား၍ အသက်ကန် ့သတ်ချက်ကို အမှုဆောင်အဖွဲ့မှ ညှိနှိုင်းလက်ခံပါမည်။)

ဂီလာန ဘိုးဘွားများ ပြုစုစောင့်ရှောက်မှု၊
(၁) ဂီလာန ဘိုးဘွားများ၏ လက်ရှိကျန်းမာရေး အခြေအနေ လှုပ်ရှားနိုင်စွမ်းကို ကြည့်၍ တစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ဆရာဝန်၏ညွှန်ကြားချက်အတိုင်း ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာရှင်များမှ စနစ်တကျ ပြုစုစောင့်ရှောက်ပေးရန်။
(၂) ဘိုးဘွားများ ကျန်းမာရေးကို ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့မှ အခါမလပ် ကြည့်ရှုစောင့်ရှောက်သကဲ့သို ့ အမှုဆောင် အဖွဲ့မှလည်း နေ ့စဉ်အလှည့်ကျ သွားရောက်ကြည့်ရှု၍ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းပေးရန်။
(၃) ဘိုးဘွားများအတွက် အာဟာရပြည့်၀၍ သန့်ရှင်းလတ်ဆတ်သော အစားအစာများကို စီမံကွေျးမွေးခြင်း၊ အသုံးအဆောင်၊ အဝတ်အထည်နှင့် နေရာထိုင်ခင်း စသည်တို ့အား သန့်ရှင်းသပ်ရပ်စွာထားရှိစေခြင်း၊ ဘိုးဘွားမျာ၏ ဘာသာဝင်အလိုက် ကိုးကွယ်ပွားများအားထုတ်မှုကို ၄င်းတို ့၏ဆန္ဒအတိုင်း ကူညီဆောင်ရွက်ပေးရန်။
ဥပမာ၊ တရားစာအုပ် ဖတ်ပြခြင်း။ တရားခွေ ဖွင့်ပေးခြင်း။ ရှုမှတ်ပွားများရန်အတွက် လမ်းပြခြင်း။

ဝန်ထမ်းရွေးချယ်၊ ။ လူမှုဝန်ထမ်းကိစ္စများကို စိတ်ပါဝင်စား၍ ဆေးပညာတတ်မြောက်သူများ၊ သက်ကြီးရွယ်အို ဘိုးဘွားများကို ချစ်မြတ်နိုး၍ စိတ်ရှည်သည်းခံနိုင်သူများ။

ဆက်သွယ်လှူဒါန်းရန်၊

ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)
ဖုန်း၊ ၀၉ ၉၉ ၂၈၅၄၉၊ ၂၀၅၄၅၁

ဒေါ်သက်နွယ် (တရားရုံးချုပ် ရှေ ့နေ)
ဖုန်း၊ ၃၈၈၁၃၂၊ ၀၉ ၉၀၄၃၉၅၉

ဒေါ်ထွေးမြင့် (တရားရုံးချုပ် ရှေ ့နေ)
ဖုန်း၊ ၀၉ ၉၀ ၄၂၄၈၈၊ ၂၉၀၉၆၄

ဒေါ်စန်းစန်းဝင်း (တရားရုံးချုပ် ရှေ ့နေ)
ဖုန်း၊ ၀၉ ၅၀၅၉၉၈၂

ဒေါ်ရီရီမေ (တရားရုံးချုပ် ရှေ ့နေ)
ဖုန်း၊ ၀၉ ၅၀၅၅၀၆၀

ဒေါ်ငွေလှ
ဖုန်း၊ ၀၉ ၅၁၇၇၃၂၀၊ ၂၉၃၂၈၈ (နံနက် ၁ဝး၀၀ နာရီမှ ၄း၀၀ အတွင်း)

ဒေါ်ခင်မေထွေး (တရားရုံးချုပ် ရှေ ့နေ)
ဖုန်း၊ ၀၉ ၅၀၈၈၂၀၃

ဒေါက်တာ ထားထား (စာရေးဆရာမ စုထား)
ဖုန်း၊ ၀၉ ၂၀၁၇၉၆၁.

you may also like: Sighed sadly by July-Dream

Share



ထုံးစံအတိုင်းပဲ ဖေဖော်ဝါရီ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ရှည်မှာ မွေးရပ်မြေ ရန်ကုန်ကို တခေါက်ပြန်ဖြစ်တယ်။
အမေက နဲနဲ ၀လာပြီး အဖေကတော့ ပိန်သွားတယ်။ ကိုယ်တွေတောင် လူလတ်ပိုင်းရောက်နေပြီဆိုတော့ မိဘတွေ အရွယ်ကျတာ ပြောဖွယ်ရာမရှိဘူးလေ ဒါပေမယ် စိတ်မကောင်းတော့ ဖြစ်ရတယ်။

အဖေက သီချင်းသိပ်ကြိုက်တယ်။ အမေက အမြဲပြောတယ် နင့်အဖေက မနက်မိုးလင်းလို ့ အိပ်ရာထတာနဲ့ မျက်နှာမသစ်သေးဘဲ တိပ်ရီကော်ဒါ တို ့ ကက်ဆက်တို ့ အရင်ဖွင့်တာတဲ့ လေ။ အဖေကြောင့်ပဲ တွံတေးသိန်းတန်။ မြန်မာပြည်သိန်းတန်။ မာမာအေး၊ ကိုအံ့ကြီး၊ တွံတေးစိုးအောင် တို ့ကို နှစ်သက်ခဲ့တယ်။

ဒီတခေါက် တော့ ရပ်ကွက်တွေထဲ သိပ်ခေတ်စားနေတဲ့ ဗညားဟန် ကို အဖေက ကြိုက်လို ့ အတွဲလိုက်ဝယ်ပေးခဲ့သေးတယ်။ အပြင်သိပ်မသွားဘဲ မိဘတွေ နဲ့ပိုနေဖြစ်တယ်။ အပြင်မသွားဘူးဆိုတာတောင် ကျောင်းထဲတော့ မရောက်မဖြစ်ရောက် လိုက်သေးတယ်။ အရာရာဟာ အရင်အတိုင်းပါပဲ။ အဓိပတိလမ်း နဲ့ စစ်ကိုင်းလမ်း ကို သက်ထားနဲ့ နှစ်ယောက်သား နေပူကြီးထဲ လမ်းလျောက် လိုက်ကြသေးတယ်။

အိမ်က နှစ်ရာ နီးပါးလောက်ရှိတဲ့ ကက်ဆက်ခွေတွေကို ဖွရင်း အိုင်ပေါ့ ကာဗာဖလိုး လုပ်ဖို ့ အကြိုက်ဆုံး စီးရီးအချို ့ကို စကန်ဖတ်လာခဲ့တယ်။ ဒီထက်မက စကန်ဖတ်ချင်ပေမယ့် မီးက လာလိုက်မလာလိုက်ဆို ့တော့ အကြိုက်ဆုံးတွေ ထိပ်ဆုံးထားဖတ်ခဲ့ရတယ်။ အချို ့ဆို မဖတ်လိုက်ရဘူး။ မှတ်မိသေးတယ် မေဆွိ ပုစွန်ဆိတ်ကလေး နဲ့ စိုးနှောင့်ဗျာပွေ ဆို ၁၉၈၆-၈၇ ခုနှစ်လောက်တုန်းကထဲက အဖေဝယ်ထားတာ ခုထိ အသံထွက်နေတုန်းပဲ မာစတာ တံဆိပ်အနီရောင် ခွေတွေပေါ့။ တချိန်တုန်းက တကသိုလ် ကတော့ စိန်ရတု ၁၉၉၅ ခုနှစ်မှာ ထွက်ထွက်ခြင်း ဝယ်လိုက်တာမှတ်မိတယ်။ အောင်ရင်ရဲ့ ဘာပဲလုပ်ရလုပ်ရ စီးရီး ကျတော့ တပ်မတော် ခန်းမ မှာ အဲ့ဒီတုန်းက ပွဲလုပ်တယ် အဲ့ဒီကိုသွားရင် ဝယ်တာ ဗီစီဒီတောင် ခေတ်မစားသေးဘူး။ ဗီဒီယိုခွေတောင် ထွက်သေးတယ်လေ။

စကန်ဖတ်ထားတဲ့ ပုံတွေကို လိုချင်တဲ့သူတွေ ရှိရင် သုံးလို ့ရအောင်လို ့ ဒီမှာ တခါတည်း တင်ထားလိုက်ပါတယ်။ စာရေးသူတို ့ သားအဖ ဘယ်လို ဂီတတွေ ကြိုက်လည်း အကဲခတ်ရင်းနဲ့ပေါ့။


warning: all scanned picture are big file size.












































































ညီမူရာ...


Update @ 1 July 2010 by NyiMuYar

မေဆွိ ရဲ့ နော်ကိုကိုနော် နဲ့ ပုစွန်ဆိတ်ကလေး တွေ ရှာ မတွေ ့ပေမယ် ့ ဗညားဟန် နဲ့ မို ့မို ့ကျော်လွင် တို ့ ပြန်ဆိုထားတဲ့ အခွေ ထဲမှာ ရှာတွေ ့လို ့ တင်ပေးထားလိုက်ပါတယ်။ မို ့မို ့ကျော်လွင် ဆိုတာ စိတ်ထဲ သိပ်မတွေ ့လှပေမယ့် နားထောင်ရတာပေါ့လေ ဆိုပြီး မီဒီယာဖိုင်းယားမှာ တင်ထားလိုက်ပါတယ်

နော်ကိုကိုနော် (တေးဆို မို ့မို ့ကျော်လွင်)
ပုစွန်ဆိတ်ကလေး (တေးဆို မို ့မို ့ကျော်လွင်)
Update @ 17 Aug 2010 by NyiMuYar
မေဆွိ ရဲ့ပုစွန်ဆိတ်ကလေး and Special Thanks to Kyee Kan who share file to me

Share

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.