at Thursday, January 08, 2009 Labels: , Posted by nyimuyar

လက်လှမ်းမှီ သမျှ ကျန်းမာရေး အာမခံ (၂)
ကျန်းမာရေး အာမခံ ထားမယ်လည်း ဆိုရော ပြောပြပေးမယ့် သူမရှိ အကြံပေးတဲ့ သူမရှိ နဲ့ ဗဟုသုတ ကလည်း မပြည့်စုံတော့ တော်တော်ပဲ အခက်တွေ ့ပါတယ်။ ဒါနဲ့ ထုံးစံအတိုင်း အင်တာနက်ပဲ အားကိုးရ ပြန်ပါတယ်။ ရှာရင်းဖွေရင်း လေ့လာရင်း နဲ့ တော်တော်တန်တန် သိလာပါတယ်။ ဒါပေမယ့် အချို ့ အချက်တွေကို တော့ နားမလည်ဘူး ဖြစ်ပြန်ရော။

ဒါနဲ့ ပဲ အသိတယောက် ကို ပြောတော့ Prudential က ကိုကျော်သက်နဲ့ မိတ်ဆက်ပေးပါတယ်။ ကိုကျော်သက် နဲ့ ၂ ခေါက်လောက် ဆုံအပြီး မှာ တော်တော်များများ သိလာပါတယ်။ ဒါပေမယ့် ကိုယ်လိုချင်တာ ဒါမဟုတ်ဘူးဆိုသလို ဖြစ်ပြန်ပါတယ်။ ဒါနဲ့ နဲနဲ ထပ်သိလာတဲ့ ဗဟုသုတ လေးတွေ နဲ့ ဆက်ပြီး ဖတ်မှတ် လေ့လာ စုံစမ်းဖြစ်သွားပါတယ်။ နောက်ထပ် Ntuc Income က Ms Tay Geok Hoon ရယ် Prudential ကပဲ ကိုကျော်ဇော ရယ် နောက် Manulife က မနှင်းနှင်းဝေ တို ့ နဲ့လည်း ဆက်ပြီး စုံစမ်း မေးမြန်းဖြစ်သွားပါတယ်။

စာရေးသူ ကလည်း ကျန်းမာရေး အာမခံမို ့လို ့သာ မရှိမဖြစ် ထားရမယ်၊ ကျန်တဲ့ ရင်းနှီးမြှုပ်နှံ မှုတွေကိုလည်း စိတ်မဝင်စားဘူးကိုး။ ဖြစ်ချင်တော့ အာမခံ ရောင်းတဲ့ အေးဂျင့်တွေ အများစု ကလည်း ကျန်းမာရေး အာမခံ ဖြစ်တဲ့ ဆေးရုံတက်စားရိတ် အာမခံ က ဈေးအနည်းဆုံး ဆိုတော့ ကော်မရှင်လည်း နည်းတယ်ပေါ့။ ဖြစ်နိုင်ရင် သူတို ့ဖက်ကလည်း ပေးရတဲ့ အချိန် နဲ့ ကိုက်အောင် ကော်မရှင်များများ ရတဲ့ အခြား ရင်းနှီး မြှုပ်နှံ မှု ပါတဲ့ ကျန်းမာရေး ကာကွယ်မှု အာမခံတွေ ထားစေချင်တာ မဆန်းပါဘူး။

တကယ်က ကျန်းမာရေး အာမခံ ဆိုတာ နယ်ပယ် သိပ်ကျယ်ဝန်းတော့ သူတို ့က အပိုင်းတွေ ခွဲချလိုက်ပါတယ်။ ယေဘုယျ ပြောရရင် ဆေးရုံတက် ရင် ကုန်ကျစားရိတ်တွေ အတွက် ထားကြတဲ့ ဆေးရုံတက်စားရိတ် အာမခံ (Hospitalization Insurance) က အခြေခံပါပဲ။ နောက်တဆင့် ကျတော့မှ အခြား ကာကွယ်မှုတွေ ဖြစ်တဲ့ ဆေးရုံတက်နေတုန်း ပိုက်ဆံ ပေးမယ့် အာမခံတို ့။ နာတာရှည်ဖြစ်ရင် ကုပေးမယ့် အာမခံ တို ့။ ပြင်းထန်တဲ့ ရောဂါကြီး ၃၀ အတွက် အထူးသီးသန် ့ အာမခံ တို ့ အဲသလို တွေ ခွဲထားကြပါသေးတယ်။ စင်ကာပူအစိုးရ က သတ်မှတ် ထားတဲ့ ပြင်းထန်တဲ့ ရောဂါကြီး ၃၀ ကို သိလို သူများ ဒီမှာ ဖတ်ပါ။

စင်ကာပူ မှာ အာမခံ ကုမ ္ပဏီတွေ အများကြီးပါပဲ။ စင်ကာပူ နာမည်ကြီး ဂရိတ် အိစတန် (Great Eastern)၊ စလုံး အခြေစိုက် NTUC Income ၊ ဗြိတိန် က Prudential၊ ကနေဒါ က Manulife၊ ပြင်သစ် AXA၊ ယူကေ ကပဲ ဖြစ်တဲ့ Aviva ၊ နောက် အမေရိကန် က AIA နဲ့ အခြား အများကြီး ရှိပါသေးတယ်။

အဲ့ဒီမှာ AIA ကတော့ မြန်မာနိုင်ငံသား မည်သူ ကို မဆို အာမခံ မရောင်းပါဘူး၊ အမေရိကန် ကုမ ္ပဏီဖြစ်လို ့ စီးပွားရေး ပိတ်ဆို ့ထားတဲ့ အတွက် ပါတဲ့။

ကျန်းမာရေး အာမခံ ကုမ ္ပဏီတွေ မှာ CPF အဖွဲ ့အစည်းက Medisave အသိအမှတ် ပြု နဲ့ အသိအမှတ် မပြု သော ဆိုပြီး လည်း ရှိတယ်။ အများအားဖြင့် ကတော့ စီပီအက်ဖ် Medisave အသိအမှတ်ပြု တွေ များပါတယ်။

Madisave (CPF) အသိအမှတ်ပြု ပီအာ နဲ့ နိုင်ငံသား ဆိုရင် စီပီအက်ဖ် ထဲကနေ အခြေခံ အာမခံ ကို ဝယ်လို ့ရမယ် ဆိုတာမျိုးပါ။

စင်ကာပူ က ဆေးရုံတက်စားရိတ် ကျန်းမာရေး အာမခံ တွေက ကိုယ်ဆေးရုံတက်လို ့ ပေးရမယ်ဆိုရင် ပေးရတဲ့ ငွေကို အဆင့်တွေ ခွဲပေးထားပါတယ်။ ကနဦး ကိုယ်တိုင် ပေးရငွေ လို ့ ခေါ်လို ့ရမယ့် Deductible အဆင့် ရယ် ။ အဲ့ဒီ ကနဦး ပေးငွေ ကို နှုတ်ပြီး ကျန်တဲ့ ပိုက်ဆံ ရဲ့ ဆယ်ရာခိုင်နှုန်း စားရိတ်မျှပေးရတဲ့ Co-Insurance အဆင့်ရယ်။ ကျန်တာကို မှ အာမခံ အဖွဲ့အစည်းက ပေးရတဲ့ Insure Payable အဆင့်ရယ် ဆိုပြီး ရှိပါတယ်။

ဥပမာ ဆေးရုံတက်လို ့ ငွေ ၁၀၀၀၀ (တစ်သောင်း) ကုန်ကျတယ် ဆိုပါစို ့၊ အဲ့ဒီမှာ ကနဦး ကိုယ်ပေးရငွေကို ဝယ်ထားတဲ့ ပေါ်လစီ ပေါ်မူတည်ပြီး အနည်းဆုံး ၁၅၀၀ ကနေ အများဆုံး ၃၀၀၀ လောက် အထိဖြတ်ပါတယ်။ ၃၀၀၀ ပဲ ထားပါ။ အဲ့ဒီ ၃၀၀၀ ကို ကိုယ်က ကနဦး (Deductible) ပေးရပါမယ်။

တစ်သောင်း ထဲက သုံးထောင် နှုတ် တော့ ကျန်တဲ့ ၇၀၀၀ ရဲ ့ ဆယ်ရာခိုင်နှုန်း ဖြစ်တဲ့ ၇၀၀ (ခုနှစ်ရာ) ကို Co-Insurance စားရိတ်မျှပေး အနေတဲ့ ပေးရပါဦးမယ်။ ကျန်တဲ့ ၆၃၀၀ ကိုမှ အာမခံ အဖွဲ့ အစည်းက ပေးမှာပါ။ ကိုယ်က ၃၇၀၀ ပေးရပါတယ်။ ဒါက အခြေခံ ဝယ်ထားတဲ့ ကျန်းမာရေး အာမခံပါ။

ကိုယ်က အဲသလို ပေးရတဲ့ ကနဦး ပေးငွေတွေ မပေးချင်ဘူး ဆိုရင် နောက် ထပ် အဆင့်မြင့် အာမခံ တမျိုး ထပ်ဆောင်း ဝယ်ရပါတယ်။ ဆိုင်ရာအလိုက် Rider ရိုက်ဒါ တို ့ Pluse ပလပ်စ် တို ့ အမျိုးမျိုးခေါ် ကြပါတယ်။ အဲ့ဒီ အာမခံ လေး နဂို အခြေခံ နဲ့ တွဲဝယ်ရင် ခုဏလိုမျိုး ဆေးရုံတက် ကုန်ကျစားရိတ်မှာ ၃၀၀၀ ကို သူတို ့က ထပ်ပေးသွားပေးပါတယ်။ ဆိုတော့ ၉၃၀၀ ကို အာမခံ အဖွဲ့ အစည်းက ပေးသွားမှာပါ။ ကိုယ်ကတော့ ဆယ်ရာခိုင်နှုန်း စားရိတ်မျှပေးတဲ့ အဆင့်လေးပဲ ပေးရတော့မှာပါ။

အဲ့ နောက်တဆင့် အဲ့လို စားရိတ်မျှပေးတဲ့ အဆင့်ကိုယ် တောင်မှ မပေးချင်ဘူး ဆိုရင်လည်း နောက် တမျိုး ထပ်တိုး လို ့ ဝယ်လို ့ရပါသေးတယ်။ အချို ့ ကုမ ္ပဏီတွေ ကျတော့လည်း အဲ့လို ကနဦး ပေး ငွေ အဆင့် နဲ့ ထပ်ဆောင်း ပေးငွေ အဆင့် ကို ပေါင်းထားတဲ့ ဟာမျိုးလည်း ရောင်းပါသေးတယ်။ အဲ့လို မျိုး ကိုယ်က တပြားမှ ပေးစရာ မလိုတော့ တာမျိုးကို သူတို ့ အခေါ် Full Coverage လို ့ခေါ်ကြပါတယ်။

အချို ့ သော အာမခံ ပေါ်လစီ တွေမှာကျတော့ စဝယ်ကတည်း က အားလုံး ဖူးကာဗာရေ့ခ်ျ အကာအကွယ်ပေးတဲ့ ဟာမျိုးပဲရောင်းတာပါ။ ခေါင်းစား စရာ တွက်စရာမလို တော့ဘူးပေါ့။ မန်နူလိုက်ဖ် ဆို အဲလိုမျိုးရောင်းပါတယ်။

အာမခံ ဝယ်တော့မယ်ဆို အခြားသတိ ပြုစရာလေးတွေ ရှိပါတယ်။ ဘယ်လောက် ကာဗာ ပေးသလဲ။ ဘယ်လောက် အထိ အကာကွယ် ဖြစ်မလဲ ဆိုတာပါပဲ။ ပေါ်လစီ တိုင်းမှာ ပါတာက နှစ်အလိုက် နှစ်စဉ် အများဆုံး Annual Limit ငွေ ဘယ်လောက် အထိ ပေးပါမယ့် ဆိုတဲ့ သတ်မှတ်ချက် ရှိပါတယ်။ အနည်းဆုံး နှစ်သောင်း လောက်ကနေ အများဆုံး ၁ သန်းလောက် အထိကို နှစ်အလိုက် အမြင့် ဆုံး ပေးလျှော် မယ့် ငွေ ကို သတ်မှတ် ထားပါတယ်။

နောက်တခုက အာမခံ ထားသူ တဦး ရဲ့ ဘဝ တလျှောက် အများဆုံး Lift Time Limit ပေးလျှော်မယ့် ငွေပမာဏပါ။ အချို ့ က တသိန်းခွဲ ကနေ ကန့်သတ်ချက်မဲ့ အထိ ရှိပါတယ်။ သဘောက ပေါ်လစီ တခုက တနှစ်ကို အများဆုံး လေးသောင်း ပေးလျှော် မယ် ဆိုပါစို ့ ။ အဲ့ဒီ ပေါ်လစီမှာပဲ ဘဝတလျှောက် အများဆုံး ၂ သိန်းပဲ လျှော်မယ်ဆိုပြီး လည်း သတ်မှတ် ထားပြန်တယ် ဆိုရင် ။ အဲ့ဒီ ပေါ်လစီ ဝယ်ထားတဲ့ သူအတွက် ၅ နှစ် ဆက်တိုက်ပဲ (တနှစ် လေးသောင်း ၅နှစ် = နှစ်သိန်း) အာမခံ ဝယ်လို ့ရမှာပါ။ ၅ နှစ်ကျော်သွားရင် မပေးလျှော်တော့ပါဘူး။ ၅ နှစ်ဆက်တိုက် အဲ့သလောက်ကြီး နာမကျန်း ဖြစ်တယ် ဆိုလည်း ဒီလူ ဒီဘဝမှာ မရှိနိုင်တော့ ဘူးရယ် လို ့လည်း အာမခံ ပေါ်လစီ ရောင်းသူများက ပြုံးရယ်ပြီး ရှင်းပြကြပါလိမ့်မယ်။ Life Time unlimit အန်လစ်မစ်တစ် ကန့်သတ်ချက်မဲ့ ကတော့ ပိုစိတ်အေးစေတာ အမှန်ပဲ ဖြစ်မှာပါ။

အန်တီယူစီ အင်ကမ်း (Ntuc Income) ကတော့ ပေးရတဲ့ ဈေးအနည်းဆုံး နဲ့ ကာဗာဖြစ်မှု ရယ် ပေးလျှော်တဲ့ နှစ်စဉ်ငွေရယ်ဟာ အချိုးများပါတယ်။ တန်တယ် ပြောရမှာပေါ့။ သူမှာ ဘဝ တလျှောက် အများဆုံး ကန့်သတ်တဲ့ ငွေ မရှိပါဘူး။ ဒါပေမယ့် သူက အဆင့် တွေ ခွဲ ထားတဲ့ အတွက် အနည်းဆုံး ပေါ်လစီက ပေးမယ့် အခြေခံ အဆင့်ရယ်။ ကနဦး ပေးငွေ ပေးတဲ့ အဆင့် (ရိုက်ဒါ) ရယ်ကို တော့ ဝယ်ရမှာပါ။ အင်ကမ်းက တခုကောင်းတာက သူ ့မှာ ကနဦးပေးငွေ Deductible Cap ကို နှစ်တနှစ်မှာ အများဆုံး သုံးထောင် အထိပဲ ပေးလို့ သတ်မှတ်ထားတာပါ။ ဒါကြောင့် ကနဦးပေး ငွေ ရိုက်ဒါ မဝယ်ထားတဲ့ သူ တောင်မှာ တနှစ် ကို ၃ ခါ လောက် ဆေးရုံတက်လည်း အများဆုံး ငွေ တခါပဲ ပေးထားရုံပါပဲ။

ပေါ်လစီ ကို နာမကျန်းဆိုးဆိုးရွာရွား ဖြစ်နေဆဲ ကာလမျိုးတွေမှာတောင်မှ သက်တမ်းတိုး ဖို ့ရာ အာမခံ ပါတယ် ဆိုတဲ့ Guaranteed Renewability ဆိုတာပါပဲ။ ဥပမာ လူတဦး အာမခံ ပေါ်လစီ ဝယ်ထားတယ်။ ပထမ ပေါ်လစီ ဝယ်တုန်း ၆ လလောက်အကြာမှာ နာမကျန်းဖြစ်တယ် ငွေတွေ သောက်သောက်လဲ ကုန်တယ်၊ အာမခံ အဖွဲ့အစည်းက ပေးလျှော်ရတယ်။ ပျောက်လည်း မပျောက်သေးဘူး ဒီလို နဲ့ နောက်နှစ် အာမခံ ပေါ်လစီ သက်တမ်း တိုးဖို ့ အချိန်ရောက်လာတယ်၊ သူ ဆက်လက် သက်တမ်းတိုးလို ့ ရနေပါတယ် ဆိုတာမျိုးပါ။ တော်တော်များများ က အဲလို ဆက်လက် သက်တမ်းတိုးဖို ့ရာ အာမခံပါသည် လို ့ ဆိုတာ တွေ ့နိုင်ပါတယ်။ ကိုယ့်ဖက်ကလည်း သေချာမေးကြည့် ရမှာပါ။

အချိန်အားတာနဲ့ ဆက်ရေးပါဦးမည်

ညီမူရာ

Share

6 comments:

  1. ကျေးဇူးဗျာ..။ ခုတစ်လော လိုက်ရှာနေတာ ။ ခုမှ သေချာနားလည်တယ်။ ဆက်ရေးပါဦး...။

  1. 10 January 2009 at 10:44  
    တေမိ said...

    အချိန်ရရင် ဆက်ရေးပါအုံး . ဒီပို ့စ်ဖတ်ပြီး ကိုယ် ဝယ်ထားတာနဲ ့ကိုယ်လိုချင်တာနဲ ့ ကိုက်မကိုက် ပြန်စစ်ကြည့်ရအုံးမယ် . ခု ဖတ်ပြီးသလောက်တော့ လိုနေသေးတယ်လို ့ခံစားရတယ် .
    ဒီ ပို ့စ်လေး အတွက် ကျေးဇူးအထူးတင်ပါတယ် .

  1. ဆက်ရေးပေးပါရှင့်
    အခုထိinsurance ကိုဂဂဏဏနားမလည်
    သေးလို့ပါ...ဗဟုသုတမျှဝေပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်..
    အကျိုးရှိတဲ့blogလေးပါ
    နောက်လဲလာဖတ်ပါဦးမယ်..

  1. ကို (မ) ညီမူရာရေ..ကျနော်လဲ...ကျန်းမာရေး
    အာမခံအကြောင်း သိချင်လို. လို်က်ရှာဖတ်နေတာပါ..
    နိုင်ငံခြားမှာ နေတာတော့ မဟုတ်ပါဘူး....ဒါပေမယ့်
    ကျနော်တို. မြန်မာ နိုင်ငံမှာလဲ တစ်ချိန်ကျရင် ဒီလို ဝန်ဆောင်မှုတွေ ပေါ်လာကောင်းရဲ့လို. မျှော်လင့် မိလို.ပါ....ဖတ်ပါရစေ...ကိုးကားပါရစေဗျာ...

  1. ကို (မ) ညီမူရာရေ..ကျနော်လဲ...ကျန်းမာရေး
    အာမခံအကြောင်း သိချင်လို. လို်က်ရှာဖတ်နေတာပါ..
    နိုင်ငံခြားမှာ နေတာတော့ မဟုတ်ပါဘူး....ဒါပေမယ့်
    ကျနော်တို. မြန်မာ နိုင်ငံမှာလဲ တစ်ချိန်ကျရင် ဒီလို ဝန်ဆောင်မှုတွေ ပေါ်လာကောင်းရဲ့လို. မျှော်လင့် မိလို.ပါ....ဖတ်ပါရစေ...ကိုးကားပါရစေဗျာ...

  1. ကိုတုံ
    ကျွန်တော်လည်း ဘလော့လာ စာဖတ်သူတွေ အကျိုးရှိဖို ့ ဗဟုသုတ ရဖို့ မျှဝေထားတာဖြစ်တဲ့ အတွက် ကိုးကားနိုင်ပါတယ် ခင်ဗျာ။ ကျွန်တော် နားလည်သလို ရေးထားတာဖြစ်လို ့ လိုအပ်ချက် တစုံတရာ ရှိနိုင်ကြောင်း လိုအပ်ပါက မူရင်း အင်တာနက်စာမျက်နှာ ဝက်ဆိုဒ်တွေကိုပါ ကိုးကားပါခင်ဗျာ

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.