at Friday, December 26, 2008 Labels: , Posted by nyimuyar

ဒိန်ချဉ် နဲ့ အမဲနှပ် ဆီပြန်

ကိုအန်ဒီရဲ့ ဝီရှီမီ ကနေ အမဲသားကြော်နည်း ကို ဖတ်ကြတော့ သက်ထားက ပြောတယ်၊ ယောက်ျား ဒီမှာ အမဲသားကြော်နည်းတွေ စားချင်လာပြီ ချက်ကြရအောင် တဲ့။

ဒါနဲ့ လင်မယား ၂ ယောက် ဝင်းသူဇာ ပြေးပြီး အမဲသား ကီလိုဝက် ၂ ထုပ်(၁ ကီလို) ဝယ်ကြတယ်။ ပြန်လာပြီး အမဲသားတွေ အအေးခံ ထားလိုက်တယ်။ အဲဒီတုန်းမှာ ကြက်သွန် ၃ ဥ လောက်နွာပြီး ခပ်ကြီးကြီးလေး စိပ်ထားတယ်။ ကြက်သွန်ဖြူ ကိုလည်း ၆ မွှာ လောက် နွာပြီး ဓားနဲ့ ဖိထားလိုက်တယ်။

အမဲသားတွေ အသင့်ဖြစ်တော့ အတူနေညီငယ် တယောက် အကြံပေးတဲ့ အတိုင်း ဒိန်ချဉ်ကို သတိရသွားတယ်။ စာရေးသူတို ့ ဇနီးမောင်နှံ မှာ ချစ်သူက အမဲသားကြိုက်တယ် ဆိုတော့ မကြာခဏ ချက်ဖြစ်တယ်လေ။ အမဲသားချက်တဲ့ အခါတိုင်း အဲဒီ ညီငယ်က အကို ဒိန်ချဉ်ထဲ့ချက်တာ ပိုကောင်းတယ် ချက်ကြည့်ပါလားလို ့ ပြောလေ့ ရှိတယ်။

ချက်တိုင်းလည်း ဒိန်ချဉ်မရှိတာနဲ့ မထည့်ဖြစ်ဘူး။ ဒီတခေါက် ဒိန်ချဉ် ဝယ်ထားမိတော့ ဒိန်ချဉ် လက်ဖက်ရည်ဖျော် ဇွန်းနဲ့ သုံးဇွန်း ထည့်နယ်ဖြစ်တယ်။ ဆား သင့်ရုံ ထည့်ပြီး ကုလားလေး မဆလာ ပါထည့်နယ်ထားပြီး နာရီဝက် မရှိတရှိလောက် နှပ်ထားလိုက်တယ်။

အားလုံး အဆင့်သင့် ဖြစ်ပြီ ဆိုတာနဲ့ ရန်ကုန်က သယ်လာတဲ့ ပရက်ရှာကွတ်ကာ ထဲကို ဆီထည့် ၊ ဆီပူတော့ အရောင်တင် ငရုတ်သီးမှုန် ့ ထည့် မွှေးလာပြီ ဆိုတော့ မှ ကြက်သွန်ဖြူ၊နီ ထည့် ခဏလေးကြာတာနဲ့ အမဲသားတွေ ထည့်ပြီး မွှေတာပေါ့။ ခရမ်းချဉ်သီး ၂ လုံးလောက် အနှစ်အရသာ ကောင်းပြီး အရောင်လှဖို ့ စိပ် ထည့်သေးတယ်။ အသားတွေ အရောင်နဲနဲ ပြောင်းလာတဲ့ အထိ လုံးပြီးမှ ရေမြုပ်ရုံထည့် ပြီး ပရက်ရှာကွတ်ကာ နဲ့ ချက်လိုက်ရုံပါပဲ။

အဖုံးပိတ်ပြီး နာရီဝက်လောက် ရှူးရှူး နဲ့ အသံတွေ မြည်တာ သည်းခံပြီးရင် နူးနေတဲ့ အမဲသားဟင်းရနေပါပြီ။ ပရက်ရှာကွတ်ကာ မရှိခင်က တနာရီမရှိတရှိလောက် ချက်ရတယ်။ ခုတော့ အချိန်ကုန် ပိုသက်သာပြီး ပိုနူးတာပေါ့။

မီးဖိုကို မီးပိတ်ပြီး လေတွေထုတ်၊ အဖုံးဖွင့်ပြီးတာနဲ့ ငရုတ်သီးစိမ်း စားနိုင်သလောက် လှီးထည့်။ မီးအေးအေး နဲ့ ရေခန်းအောင် နဲနဲ ထပ်ဖွင့်ထားလိုက်တယ်။ ဆီပြန်စပြုနေပြီဆို မဆလာအုပ်ပြီး အဖုံးလေး အသာပိတ် မီးလည်း ပိတ်လိုက်ရုံပါပဲ။

မွှေးကြိုင် နူးအိနေတဲ့ အမဲနှပ်ဆီပြန်ဟင်း တခွက် မြိန်ယှက်စွာ စားသုံးရုံပါပဲ။ ဒီတခေါက် ဒိန်ချဉ်ရဲ ့အစွမ်းကို တွေ ့တာပါပဲ။ အမဲနှပ် က ခါတိုင်းထက် နူးညံ့ပြီး ပိုအိတယ်။ ပျော့အိနေတာမျိုးမဟုတ်ဘဲ အမဲသားရဲ့ ဂုဏ်ပုဒ် ဖြစ်တဲ့ အမျှင်အမျှင် လေးတွေကို သွားနဲ့ ဆွဲတာမှာ ပျော့ပျောင်း နူးညံ့တဲ့ ဖီလင်ရတာပါပဲ။

ဒိန်ချဉ်အစွမ်းနဲ့ ပိုကောင်းနေတဲ့ အမဲသားနှပ် ဟင်းကို စားလိုက်ကြတာ ဓာတ်ပုံရိုက်ဖို ့မေ့သွားတယ်ဗျာ။ ဒိန်ချဉ်ကြောင့် နဲနဲပိုဆိမ့်သလို ခံစားရတဲ့ အမဲနှပ်ဟင်းဟာ မဆလာနဲ့ ငရုတ်သီးစိမ်းကြောင့် မွှေးကြိုင် သင်းပျံ့ပြီး စပ်တပ်တပ်လေးနဲ့ ထမင်းကို ပိုစားစေ ပါတော့တယ်။


ညီမူရာ

Share

0 comments:

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.