အမှတ်တရ ဒီဇင်ဘာ

ထိုနေ ့က မုန်တိုင်းသာ မရှိလျှင် အဲ့ဒီ ဒီဇင်ဘာကို မေ့နေမှာ အမှန်ပင်။ အခုတော့ သုံးနှစ်တာ ကြာမြင့်ခဲ့သော်လည်း အမှတ်ရနေဆဲဖြစ်သည်။ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံတို ့၏ ထုံးစံ အတိုင်း ဆစ်ဒနီ ဒီဇင်ဘာက ပူပြင်းလွန်းနေသည်။ တရံတခါ အပူလွန်ပြီး မုန်တိုင်းတွေ ဝင်လာတတ်သည်။ ထိုနှစ်က မှတ်မှတ်ရရ သားပိုက်ကောင်တို ့ ဌာနေကို မုန်တိုင်း အဝင်ကြမ်းသည်။

၂၀၀၅ ခုနှစ် အခုလို ဒီဇင်ဘာမှာ ရုံးတာဝန်နဲ့ ဆစ်ဒနီမှာ ခေတ္တ ရောက်နေချိန်ပေါ့၊၊ အလုပ်တွေပြီးလို ့ ပြန်ရတော့မှာ ဖြစ်လို ့ရုံးက စာရေးမကြီးက တိုင်စီကို တရက် ကြိုတင်ဘွတ်ကင် လုပ်ပေးထားတယ်။ သူတိုင်စီဘွတ်ကင် လုပ်ပေးတိုင်း တိကျတာမို ့စိတ်ချ လက်ချပင်။ ထို ့နေ့က နေ့လည်ခင်းတွင် နေအလွန်သာပြီး ရာသီဥတု ကောင်းနေသဖြင့် မိုးလေ၀သကို မကြည့်လိုက်မိ။ ဒီလိုနဲ့ပဲ တိုင်စီမှာထားသည့် အချိန်ကို ၅ မိနစ် လောက်ကျော်တော့ တိုင်စီကမလာ။ ၁၅ မိနစ်ခန် ့လွန်သော် သေချာသွားပြီ ဘာကြောင့် ကားမလာသလဲ အဲ့ဒီအချိန်အထိ တိတိကျကျ မသိသေး။ တိုင်စီကုမ္ပဏီ တွေဆီ ဖုံးလှမ်းဆက်တော့ ဖုံးတွေက မအားကြတော့။

ခေတ္တနေသည့် နေရာမှ ကင်းဖိုဒ့်စမစ် လေဆိပ်သည် ကီလို ၃၀ စွန်းစွန်းဝေးသည်။ တောင် နှင့် မြောက် လားလားမှ မနီး။ တိုင်စီ ဆိုတာက လက်တားပြီး စီးလို ့လွယ်သည် ့ နိုင်ငံမဟုတ်၊ တိုင်စီဂိတ်ကို သွားရတော့မည်။ ဒီလို အထုတ် အပိုးတွေ နှင့် တိုင်စီဂိတ် ကိုသွားဖို ့က လွယ်သည့် ကိစ္စတော့မဟုတ်။ အနီးဆုံး တိုင်စီစတန်းက ပုံမှန် လမ်းလျှောက်တောင် ၁၅ မိနစ်ကြာသည်။

အထုတ်တွေ ဆွဲပြီး ခက်ခက်ခဲခဲ သွားနေစဉ်ပင် မိုးက စရွာလာသည်။ တိုင်စီစတန်းကို ရောက်ဖို ့ ၂၅ မိနစ်ခန့်ကြာသည်။ ထိုနေရာရောက်တော့ မိုးက နည်းနည်း နည်းနည်းရွာနေပြီ။ တိုင်စီစတန်းမှာ လူတွေက အများကြီး ကားကမရှိ။ ထိုနေရာရောက်မှ သိရသည်က မုန်တိုင်းအထူးသတင်း ကြေညာသွားသည်။ မိုးသီးတွေပင် ရွာနိုင်သည်တဲ့။ ဒါကြောင့် ကားတွေ ပျောက်ကုန်တာကိုး။ ဒါပါနှင့်ဆို ဒုတိယအကြိမ်မြောက် မိုးသီးမုန်တိုင်း သတိပေးခြင်း နှင့်ကြုံရခြင်းပင်။ တခါမှ တော့ မိုးသီးမရွာလိုက်။

မိုးသီးတွေရွာလျှင် ကားအာမခံ တော်တော်များများက အကာအကွယ်မပေးတတ်ကြ။ ဒီလိုနဲ့ လမ်းပေါ်မှာ ကားတွေ တိုင်စီတွေ ပျောက်ကုန်တာမဆန်း။ တိုင်စီစတန်းမှာ ကိုယ့်အလှည့်ရောက်ဖို ့တော်တော် စောင့်ရသည်။ လေယာဉ်ထွက်ဖို ့အချိန်ကလည်း ၁နာရီခွဲသာသာပဲကျန်တော့သည်။ ပုံမှန် ရာသီဥတု သာသာယာယာမှာ တိုင်စီနဲ့သွားတောင်် ၄၅ မိနစ်ခန့်ကြာသည့်ခရီး။ ဒီမိုး ဒီလေ နှင့် ၁ နာရီကျော်လောက်တော့ သွားမှာပဲ။ မိုးကလည်း မုန်တိုင်းအရှိန်နှင့် သည်းသည်း မည်းမည်းကို ရွာချလာပြီ။ နေ့လည်က ချစ်ချစ်တောက် ပူသည့်နေ ယုံချင်စရာမရှိ။

ဒီလိုနှင့် မိနစ်၂၀လောက် သည်းခံစောင့်ရပြီးမှ ကိုယ့်အလှည့်ရောက်သည်။ တိုင်စီတစီးလာ တိုင်စီကို လေဆိပ်ပြောလိုက်သည်နှင့် မလိုက်ပါတဲ့။ ဒါနဲ့ နောက်ကလူတွေကို ပေးတက်လိုက်ရသည်။ နောက် တစီး ဒီလိုပဲ မလိုက်ပါတဲ့။ မိုးတွေ သည်းသည်းမည်းမည်း ရွာနေချိန် ကားဆီသွားလိုက် မလိုက်ဘူးပြောလို ့ အမိုးအောက် ပြန်လာလိုက်နဲ့ ရွဲစိုကုန်တော့တယ်။ အထုတ်အပိုးတွေ လည်း ရွဲ လူလည်းရွဲပေါ့။ သုံးစီးလောက် အဆင်မပြေတော့ တော်တော် စိတ်ပျက်စပြုနေပြီ။

အဲ့ဒီမှာ တန်းစီနေတဲ့ အနောက်က ကပ်လျှက် ဌာနေ အဖြူတယောက် က မေးလာတယ်။ တိုင်စီကလည်း မလာသေးတော့ ခဏ စကားပြောဖြစ်သွားတာပေါ့။ တိုင်စီဘွတ်ကင်မှာထားတာ မလာလို ့ ဒီအထိတောင် လာငှားရတာ နဲ့ လေဆိပ်ဆင်းမှာ ဖြစ်ကြောင်း ပြောတော့။ သူက ပြန်မေးသည် လေယာဉ်အချိန် ဘယ်တော့လည်းတဲ့။ စာရေးသူ အချိန် ပြောပြလိုက်တော့ သူ ့နာရီကို တချက်လှမ်းကြည့်ပြီး၊ ဟား ၁ နာရီ ၁၅ မိနစ်ပဲလိုတော့တယ်၊ အရှေ ့က တိုင်စီတွေ ဘာဖြစ်လို ့မလိုက်တာလည်း လို့ ့သူက ဆက်မေးပါသေးတယ်။ မသိဘူး လေဆိပ်လို ့ ပြောလိုက်တာနဲ့ မလိုက်ကြဘူး ဆိုတော့။ သူတချက်စဉ်းစားရင်း နောက်တစီးလာရင် မင်းရမှဖြစ်မယ် မဟုတ်ရင် လေယာဉ်လွတ်သွားလိမ့်မယ်။ သူလည်း ဝိုင်းကူပြောပေးမယ် ဆိုပြီး ပြောရှာတယ်။

ဒါနဲ့ နောက်တိုင်စီ တစီးလာတော့ သူကပဲ စာရေးသူကိုယ်စား ကားသမားကို ရှင်းပြတယ်။ ရှေ ့က တိုင်စီတွေ ဒီလိုမိုးသည်းသည်း နဲ့ လေဆိပ်မလိုက်ချင်လို ့ လေယာဉ်လွတ်တော့မယ့် အကြောင်း နဲ့ အချိန်ကလည်း နီးနေလို ့ အဆင်ပြေပါက ကူညီပေးပါ ဆိုတဲ့ အကြောင်းကို စာရေးသူ ကိုယ်စား ပြောပေးပါတယ်။ အဲ့ဒီ တိုင်စီသမား ကလည်း အသက်နည်းနည်းကြီး တဲ့ အဖြူပါ၊ ဒီတခါတော့ အဆင်ပြေသွားပါတယ်။ အဲ့ဒီ ကူညီပေးတဲ့ သူကပဲ ကားပေါ်ကို အထုတ်တွေ ဝိုင်းတင်ပေးရှာတယ်။ ကျေးဇူးတင်လွန်းလို ့ နှုတ်ဆက် ကျေးဇူးစကားဆိုရင်း လက်ဆွဲ နှုတ်ဆက်ကြတော့ သူက လမ်းခရီးမှာ အဆင်ပြေပါစေတဲ့။

တိုင်စီ သမားကြီးကတောင် မေးပါသေးတယ်။ သူငယ်ချင်းလားတဲ့၊ မဟုတ်ဘူး တိုင်စီငှားတာ အခက်အခဲဖြစ်လို ့ နောက်ကနေ တန်းစီနေတဲ့ သူတယောက်ပါ၊ သူတတ်နိုင်သလောက် ကူညီပေးတာပါ ဆိုတော့ ဘိုးတော်က ဘာမှ ပြန်မပြောတော့ပါဘူး။ လေယာဉ်အချိန် နီးနေလို ့ ဘိုးတော်ကြီး ခမျာ ညနေစောင်း ခပ်မှောင်မှောင် မိုးထဲရေထဲမှာ တတ်နိုင်သလောက် အမြန်ဆုံး မောင်းပေးရှာပါတယ်။ ဒါတောင် ကင်းဖိုဒ့်စမစ် ရောက်အောင် ၅၅ မိနစ်လောက် မောင်းရပါတယ်။ လေဆိပ်မှာ ချက်အင် ဝင်တော့ လေယာဉ်ထွက်ဖို ့ ၃၅ မိနစ်ပဲ လိုပါတော့တယ်။ ကံကောင်းတယ် ပြောရမလား အဲ့ဒီနေ ့က မုန်တိုင်း အခြေအနေကြောင့် လေယာဉ်တွေ ၁ နာရီ ခွဲလောက် နောက်ကျ ထွက်လို ့သာပေါ့။

တကယ်တော့ တိုင်စီကူငှားပေးတဲ့ အဲ့ဒီသူ ဘယ်သူလည်း စာရေးသူ မသိပါဘူး။ သူလည်းပဲ စာရေးသူ ဘယ်သူမှန်း မသိပါဘူး။ ဒါပေမယ့် အခက်အခဲ ဖြစ်နေတုန်း တတ်နိုင်သလောက် ကူညီပေးရှာတဲ့ ဟွန်စဘီ ရှိုင်းယား နယ်သား တယောက်ရဲ့ စေတနာ ကို သုံးနှစ်လောက် ကြာသည့်တိုင် အမှတ်ရနေပါသေးတယ်။

ဒီဇင်ဘာမုန်တိုင်း မိုးတွေ လေတွေကြားက ကူညီတတ်သူ တဦးရဲ ့ စေတနာကို လေးစား အမှတ်ရ ရင်း နဲ့။

ညီမူရာ

Share

2 comments:

  1. လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု့၊ အသွင်အပြင်တေွေမတူကြပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကူညီတဲ့အကြောင်းဖတ်ရတာ ကြည်နူးဖို့ကောင်းတယ်။

  1. : JIKA ANDA BUTUH ANGKA GOIB HASIL RITUAL ATAU PESUGIHAN TUYUL HUB KI JAYA DI NOMOR 085342064735

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.