at Thursday, December 18, 2008 Labels: , Posted by nyimuyar

လွမ်းမိတဲ့ ဒွန်မောင်း

စာရေးသူ နဲ့ အရင်းနှီးဆုံး ပြည်ပနိုင်ငံတွေက လေဆိပ်တွေထဲမှာ ဒွန်မောင်း လေဆိပ်
Don Mueang / ท่าอากาศยานดอนเมือง / Don Muang က ထိပ်ဆုံးပါပဲ။ တကယ်တော့ ထိုင်းနိုင်ငံရဲ ့ အကြီးဆုံးလေဆိပ်။ ကမ်ဘာ့အကြီးဆုံး လေဆိပ်စာရင်းတွေထဲမှာ ၁၈ ခုမြောက်။ အာရှမှာ နံပါတ် ၂ အဖြစ်ကာလ ကြာရှည်စွာ ရပ်တည်ခဲ့တဲ့ ဒွန်မောင်းလေဆိပ်ကို မြန်မာနိုင်ငံသား တော်တော်များများလည်း ရင်းနှီးကြမှာပါ။ ဒွန်မောင်းလို ့ စာရေးသူတို ့ အားပါးတရ ခေါ်နေကြတဲ့ နာမည်ဟာ ပြောရရင်တော့ အမှားကြီးပါ။ သူရို ့ထိုင်းအသံနဲ့ ဆို စာရေးသူ ကြားသလောက် အနီးစပ်ဆုံး ဒေါန်းမွန် လို့ အသံထွက်ပါတယ်။

၁၉၁၄ ခုနှစ် မတ်လ ၂၇ နေ ့မှ စတင်ဖွင့်လှစ်ခဲ့တဲ့ ဒွန်မောင်း လေယာဉ်ကွင်းလေး ဟာ ၁၉၂၄ ခုနှစ်မှာ လေကြောင်းလိုင်းတွေ စတင်ဆင်းသက်ပြီး အသက်ဝင်ခဲ့ပါတယ်။ ပထမဆုံး ဆင်းသက်ခဲ့တဲ့ လေကြောင်းလိုင်းကတော့ ဒတ်ခ်ျ လေကြောင်းလိုင်းဖြစ်တယ်လို ့ မှတ်တမ်းများက ဆိုပါတယ်။ တကယ်တော့ ဒွန်မောင်း မတိုင်ခင် ထိုင်းမှာ လေဆိပ်တခုရှိပါသေးတယ်။ ရာမ-၄ ဘုရင်လက်ထက်မှာ လေဆိပ်ကို မြေနိမ့်အရပ်မှာ ရှိလို့ ရေလွှမ်းမိုးမှု တွေ ကင်းလွှတ်အောင် ကုန်းမြင့်အရပ်လို ့ အမည်ရှိတဲ့ တကယ်လည်းပဲ ကုန်းမြင့်တဲ့ ဒွန်မောင်း အရပ်ကို ပြောင်းရွှေ့ခဲ့တာပါ။

လေကြောင်းလိုင်းတွေ စပြေးဆွဲ ကတည်းကဆိုရင် ၈၅ နှစ် ဒါမှမဟုတ် စတင်ဖွင့်လှစ် ကတည်းကဆိုရင် ၉၂ နှစ် တာဝန် ထမ်းဆောင်ဆောင်ပေးခဲ့တဲ့ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက် မနက် ၃ နာရီ ၁၂ မိနစ်မှာ ဆစ်ဒနီ ကို ထွက်ခွာတဲ့ ကွမ်တက်စ် လေကြောင်းလိုင်း ရဲ ့ ခရီးစဉ်အမှတ် ( QF၃၀၂) နဲ့ ခေတ်တခေတ် ကို အဆုံးသတ်စေခဲ့ပါတယ်။

၂၀၀၇ နှစ်ဦးမှာပဲ အာရှရဲ ့မျက်နှာသစ် လို ့ သူရို ့တွေ ဝင့်ကြွားနေတဲ့ အသစ်ဖွင့်လှစ်လိုက်တဲ့ သုဝဏ္ဏဘူမိ လေဆိပ်ကြီး ရဲ ့ ပြေးလမ်းအသစ်တွေ ကွဲအက်မှုတွေကြောင့် ဒွန်မောင်းကို ပြန်လည် ဖွင့်လှစ်ဖို ့အကြောင်း ဖန်လာပါတယ်။
နောက်ပြီး ဒွန်မောင်းကို ဒီတိုင်းထိမ်းသိမ်းထားဖို ့ စားရိတ်တွေကလည်း မသေးတော့ ထိုင်း လေဆိပ် အာဏာပိုင်တွေ က ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်ပါတယ်။ ဒါနဲ့ပဲ ထိုင်းနိုင်ငံ ပြည်တွင်း လေယာဉ်တွေ ဆင်းသက်ဖို ့ စီမံကြပါတယ်။

လေဆိပ်ကြီးပိတ်လို ့ ၅ လအကြာ ၂၀၀၇ ခုနှစ် မတ်လ ၂၅ ရက်နေ ့မှာ ပြန်လည်အသက်ဝင်လာတာ ဒီကနေ ့အထိပါပဲ။ ထိုင်းနိုင်ငံ အလံတင် လေကြောင်းလိုင်းဖြစ်တဲ့ ထိုင်းအဲဝေး ၊ နော့အဲ နဲ့ ဝမ်းတူးဂိုး လေကြောင်း တို ့ ပြေးဆွဲ နေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ လေဆိပ်ကိုယ်စားပြု နိုင်ငံတကာ အမှတ်အသားမှာ ဒွန်မောင်းကို ဘီကေကေ လို ့ နှစ်ပေါင်းများစွာ သတ်မှတ်ခဲ့တာ သင်္ခါရ သဘောတရားအရ ခုတော့ ဒီအမ်ကေ လို ့ပြောင်းလည်း သတ်မှတ်လိုက်ပါပြီ။

ပြေးလမ်း ၂ ခု ရှိပြီး ပြေးလမ်းအရှည် က (၁၂၁၃၉ ပေအရှည်။ ၁၉၇ပေအကျယ်) ရှိပြီး ပြေးလမ်းအတို က (၁၁၄၆၁ ပေအရှည်။ ၁၄၇ ပေအကျယ်) ရှိပါတယ်။ ၂၀၀၈ မေလမှာ အသစ်တိုးချဲ့ ဖွင့်လှစ်လိုက်တဲ့
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က ပြေးလမ်းအရှည် (၁၁၂၀၀ ပေအရှည်။ ၂၀၀ ပေအကျယ်) နဲ့ နှိုင်းယှဉ်မယ်ဆို သိပ်မကွာတော့ဘူးလို ့ ပြောရမှာပါပဲ။

ဒွန်မောင်းနဲ့ ပတ်သက်လို ့ ကြားဖူးနား၀ ဟာသလေး တခုရှိပါတယ်။ အဲ့ဒီအချိန်က စာရေးသူတို ့ မင်္ဂလာဒုံလေယာဉ် ကွင်းကလည်း အဆင့်မမြင့်သေးဘူးပေါ့။ ထိုင်းမှာ လေဆိပ်အသစ်ကြီးဖွင့်တော့မှာမို ့ ဒွန်မောင်းကို ပိတ်တော့မယ်လို ့ ကြေညာပြီးချိန် မြန်မာနိုင်ငံသားကြီး တဦးက အခုလို မချိတင်ကဲ ပြောပါသတဲ့။ မသုံးတော့မယ့်တူတူ ဒီလောက်ကောင်းတဲ့ လေဆိပ်ကြီး တို ့မြန်မာပြည် သယ်သွားလို ့ရရင်ကောင်းမယ်တဲ့။ ဒါသူ ့ရင်ထဲက စကားပါ။

ဟုတ်ပါတယ် မြန်မာတို ့ အမြင်မှာလည်း ဒွန်မောင်းဟာ အဲ့သလောက်ကို ကောင်းနေပါတယ်။ လေဆိပ်အဆောက်အဦ ထဲမှာ ဟိုးဘက်ထိပ် ဒီဘက်ထိပ်ကို ပုံမှန်လျှောက်သွားမယ် ဆို ၄၅ မိနစ်ကနေ ၁နာရီ နီးနီး ကြာပါတယ်။ သုံးထပ်အဆောက်အဦ မှာ လေယာဉ်တွေ ဆိုက်ရောက်တဲ့ တာမင်နယ် သုံးခုတောင် ရှိပါတယ်။ အခုအသစ်ဖွင့်လိုက်တဲ့ သုဝဏ္ဏဘူမိ ကမှ ဆိုက်ရောက် တာမင်နယ် တခုပဲရှိတာပါ။

ဒွန်မောင်းမှာ လေယာဉ်ပြောင်းစီး ရမယ်ဆို အထာမသိရင် တော်တော် အဆင်မပြေပါဘူး။ မဟာမြိုင် ဆရာတော် ဦးဇောတိက တောင်မှ တခါက ဘယ်နေရာ သွားရမှန်းမသိ ဖြစ်သေးတယ်လို ့ ဟောကြားတာ နာဖူးပါတယ်။ တာမင်နယ် တွေက လှမ်းလျှောက်မယ်ဆို အဝေးကြီးပါပဲ အချိန်မလောက်လို ့ ပြေးလွှားရမယ် ဆို စိတ်မော လူမောနဲ့ တော်တော် ပင်ပန်းပါတယ်။

တခါက ဆရာသမား တဦး ရန်ကုန်မှာ လေယာဉ်နောက်ကျတော့ ဒွန်မောင်းလည်း ရောက်တာ နောက်ကျတာပေါ့။ သူပြောင်းစီးမယ့် လေယာဉ်က တိုင်စီဝေးလို ့ ခေါ်တဲ့ ပြေးလမ်းပေါ်တက်မယ့် တန်းစီတဲ့ လမ်းပေါ်တောင် ရောက်နေပါပြီ ဒါပေမယ့် သူ ့စီးမယ့် လေကြောင်းလိုင်း ကောင်တာ တခုမှာ နောက်ကျလို ့ပြေးနေပါတယ် စောင့်ခိုင်းပေးပါ ပြောထားတော့ လေယာဉ်ကစောင့်ပေး သူကပြေး နဲ့ တော်တော် ဟိုက်သွားတယ် ပြောပါတယ်။ သူတို ့ ကို ကားတစီးနဲ့ သပ်သပ် လိုက်ပို ့ပြီး ကုန်တင်တဲ့ ကရိန်းလေးနဲ့ တင်ပေးတယ် လို ့ ကြားဖူးပါတယ်။ ဒွန်မောင်းမှာ လေယာဉ်ပြောင်းစီးရတာ စာရေးသူတို ့လို မလည်မဝယ်တွေဖို ့တော့ စွန် ့စားခန်းပါပဲ။

ဒွန်မောင်းကို အကြိမ်ကြိမ် ရောက်ဖူးတာတောင်မှ တခါတလေ လေယာဉ်က ကွင်းထဲမှာ ရပ်လို ့ ကားကြီးနဲ့ လေဆိပ်အဆောက်အဦ ထဲ ဝင်ရတဲ့အခါ မျက်စိလည် လမ်းမှားဖူးပါတယ်။ တခါကဆို ဘယ်နဲ့ ညာနဲ့
မှားပြီး လျှောက်မိတာ အချိန်ကုန် လူမော စိတ်မောဖြစ်ဖူးပါတယ်။

တကယ်တော့ ဒွန်မောင်းဟာ ပြည်ပထွက်တဲ့ မြန်မာပြည်သားတိုင်းမစိမ်းတဲ့ နေရာတခုဆိုရင် မှားမယ်မထင်ပါဘူး တကြိမ်မဟုတ်တကြိမ် ရောက်ဖူးကြမှာပါ။ စာရေးသူဆိုရင် ဒွန်မောင်း မှာ ည လည်းပဲ
အိပ်ဖူးပါတယ်။ တရက်နီးနီးလောက်လည်း နေဖူးပါတယ်။ ပထမဆုံး နိုင်ငံခြားခရီး သွားတုန်းက အတူသွားတဲ့ ခရီးဖော်ကို မေးမိတယ်။ ဘန်ကောက်လေဆိပ်ကြီး သိပ်ခမ်းနားတယ်ပြောတယ် ဟုတ်သလားပေါ့။

သူက ပြောတယ် ဟိုရောက်ရင် သိလိမ့်မယ်တဲ့ သူ ့တုန်းကလည်း မင်းဟိုရောက်လို ့ မျက်မြင်တွေ ့တဲ့ ခံစားမှုအတိုင်းပါတဲ့။ ဒါနဲ့ပဲ ရင်တခုန်ခုန် နဲ့ ဒွန်မောင်း ဆိုတာကြီးကို ရောက်ဖူးခဲ့တယ်။ ဟုတ်ပါတယ်
ကိုယ်ထွက်လာတဲ့ လေဆိပ်နဲ့ ရောက်နေတဲ့ လေဆိပ် ပထမ အခေါက်လို လူတိုင်း အဲ့လို ပဲခံစားရမယ်လို ့ထင်ပါတယ်။ လူတွေမှ အများကြီး ကွင်းကြီးကလည်း အကြီးကြီး လေယာဉ်တွေ ဆိုတာ တန်းကိုစီလို ့။ လူဝင်မှု ကြီးကြပ်ရေး အင်မီဂရေးရှင်း ကောင်တာတွေဆိုတာ အများကြီးပဲ။ ရင်သပ်ရှုမောပေါ့။

ဒွန်မောင်းမှာ လေယာဉ်ပြောင်းစီးဖို ့ စောင့်ရတာ အကြာကြီးပါပဲ။ ဆိုတော့ ဒွန်မောင်းထဲမှာပဲ အချိန်တော်တော်ကြာ ဖြုန်းမိပါတယ်။ ချောင်ကြိုချောင်ကြားမကျန် အထပ်အစုံလည်း ရောက်ဖူးတယ်။ ဟိုးအရင်ကဆို ဒွန်မောင်းထဲမှာပဲ သောင်တင်နေတဲ့ ခရီးသည်တွေတောင် ရှိသတဲ့။ တယောက်တည်း အထုပ်လေး ပိုက်လို ့ တညလုံး နှိုးလိုက် ငိုက်လိုက နေဖူးတဲ့ အခေါက်တောင်ရှိပါတယ်။ ရန်ကုန်က ထွက်တော့ မနက် ၉ နာရီ။ ဒွန်မောင်းရောက်တော့ မနက် ၁၁ နာရီ နောက်လေယာဉ်က နောက်တနေ ့ ဝေလီဝေလင်း မနက် ၅ နာရီ လိုမျိုးတွေ ပေါ့။

တကယ်တော့ ဒွန်မောင်း ဟာ စာရေးသူ ဘဝမှတ်တိုင်တွေ ထဲမှာ တစ်ခုအဖြစ်ပါဝင်နေပါတယ်။ ပထမဆုံး သွားဖြစ်ခဲ့တဲ့ ခရီးမှာ ပထမဆုံး ရောက်ဖူးတဲ့ တိုင်းတပါးက လေဆိပ်တခုဆိုလည်း မမှားပါဘူး။ ဆရာတယောက် သင်တန်းပို ့ချတုန်းက နိုင်ငံတနိုင်ငံ ဘယ်လောက်ပိုက်ဆံ ရှိသလဲ ဆိုတာကို သူ ့နိုင်ငံက အိမ်သာတွေလည်း တင် သတ်မှတ်လို ့ရတယ်လို ့ပြောဖူးပါတယ်။ နိုင်ငံထဲ မရောက်တောင် တို ့တွေ ထရန်ဆစ် လုပ်တဲ့အခါ လေဆိပ်တွေကို ရောက်ကြတယ် လေဆိပ်တွေက အိမ်သာတွေထဲ ဝင်လိုက်တာနဲ့ တင် ဒီနိုင်ငံ ရဲ ့အဆင့်အတန်းကို သတ်မှတ်လို ့ရတယ်။ ဥပမာ အမေရိကား ဂျပန် လေဆိပ်တွေမှာ ရေပူရေအေးရတယ်။ တို ့ ထိုင်းနိုင်ငံရောက်တော့ ထိုင်းလေဆိပ်မှာ ရေအေးတဖက်ပဲ ရတော့တယ် ရေပူမရတော့ဘူး။ ဟော ရန်ကုန်လေဆိပ်လည်း ရောက်ရော အိမ်သာမှာ ရေမလာ ဘူး ဆိုတာလေး ပြောဖူးပါတယ်။ ဟုတ်မဟုတ်ကတော့ အမေရိကား ဂျပန်တွေ မရောက်ဖူးတော့ မသိဘူး။ ဆရာနှယ့် ပိုရန်ကော လို ့ တွေးမိဖူးပါတယ်။ ဒါပေမယ့် ဒါလေးက စိတ်ထဲ စွဲနေပါသေးတယ်။

ရန်ကုန်မှာ လေဆိပ်အတွင်းဖက် ပထမဆုံး ရောက်တုန်းက အိမ်သာ ဝင်ပါသေးတယ်။ ရေလာတော့ ငါ့ဆရာလောက် မဆိုးသေးဘူး ဆိုတာ တွေးလိုက်သေးတယ်။ ဒွန်မောင်းရောက်တော့ အိမ်သာ လိုက်ရှာပြီး ဝင်တော့ ကွာတော့ ကွာတယ် လို ့ပဲ ပြောရမှာပါပဲ။ အချို ့လေဆိပ်ကြီး တွေနားမှာ ရေကန်တွေ ဘာတွေ တွေ ့ရတယ် ဒွန်မောင်းမှာတော့ မရှိပါဘူးလို ့ထင်တာပါပဲ။ နောက်တခု က ထိုင်းရဲ့ နိုင်ငံရဲ့ နာမည်ကျော် ခြေထောက်နှိပ်တဲ့ နေရာလေးတွေ ရှိတယ်။ တခါမှတော့ မနှိပ်ဘူးပါဘူး။ ဒွန်မောင်းကို လေယာဉ်မဆင်းခင် လေပေါ်ဝဲနေတုန်း မြင်ကွင်း။ လေယာဉ်အတက် တက်ခါစ မှာဝဲနေတုန်း မြင်ကွင်းတွေဟာ မဆန်း ပေမယ့် စိတ်ထဲ စွဲနေတုန်းပါပဲ။

ခုဒွန်မောင်းကို ထိုင်းနိုင်ငံတွင်း ခရီးစဉ်များသာ သုံးတော့တဲ့အတွက် လေယာဉ်ပြောင်းစီးတုန်းကလို ခဏခဏ မရောက်ဖြစ်တော့ပါဘူး။ ၇ ကြိမ်လောက် ဖြတ်သန်းဖူး ကျင်လည်ဖူးတဲ့ ဒွန်မောင်း။ ဟိုဖက် တာမင်နယ် ဒီဖက်တာမင်နယ် မှားမိဖူးတဲ့ ဒွန်မောင်း။ ရင်ခုန်စွာ ရောက်ခဲ့ဖူးတဲ့ ဒွန်မောင်း။ လမ်းပျောက်သူ ကို ကူညီပေးဖူးတဲ့ ဒွန်မောင်း။ အမိမြေ ကို ပထမဆုံး ပြန်တုန်းက ရောက်ချင်ဇော နဲ့ စိတ်တိုနေခဲ့ဖူးတဲ့ ဒွန်မောင်း။ ခုတော့လည်း ဆုံဖြစ်ဖို ့ မလွယ်တော့တဲ့ ဒွန်မောင်း။ လေဆိပ်ဟောင်းလို ့ ပြောင်းလည်း ခေါ်ဝေါ်ခြင်း ခံနေရတဲ့ ဒွန်မောင်း။ ကျနော့ရဲ ့ လွမ်းနေဦးမယ့် ဒွန်မောင်း။

ညီမူရာ

အထက်ပါ ခရီးသွားဆောင်းပါး ဆန်ဆန် ပို ့စ်ကို စာရေးသူ၏ ကိုယ်ပိုင် ထင်မြင်ချက်၊ ခံစားချက်၊ဖတ်ရှု မှတ်သားမိသော အချက်အလက်များဖြင့် ရေးဖွဲ့
ပါသည်။

အချက်အလက်များ ကို ဒီနေရာတွေက ယူပါတယ်။
ဝီကီ
တရားဝင်ဆိုဒ်
အခြား -
http://www.into-asia.com/bangkok/airport/
http://www.nationmultimedia.com/specials/suvarnabhumi/ff9.html

Share

0 comments:

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.