at Sunday, August 10, 2008 Labels: , Posted by nyimuyar

ဒုက္ခသည်အတုနည်းဖြင့် အမေရိကန်သို့ နောက်ဆုံးပေါ် လူကုန်ကူးခြင်း
ရဲရင့်မြင့်မောင်
link


ထိုင်းနိုင်ငံသို့ရောက်အောင် လူမှောင်ခိုကုန်ကူးသည့် လုပ်ငန်းအများအပြားတွင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများမှတဆင့် အမေရိကန်နိုင်ငံရောက်အောင် လူကုန်ကူးသည့် လုပ်ငန်းမှာ ၂၀၀၆ ခုနှစ်ကစ၍ ခေတ်စားလာသည်။

အမေရိကန်နို်င်ငံ သွားရောက်အလုပ်လုပ်လိုသူ မြန်မာများအဖို့ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာရရန် သာမန်အားဖြင့် ခဲယဉ်းသည်။ ထို့ကြောင့် အမေရိကန်သွားလိုသူ ပြည်တွင်း ပြည်ပ မြန်မာအချို့ကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများသို့ လူကုန်ကူးပြီး ပို့သည့်နည်းလမ်း အသုံးချပြီး အမေရိ
ကန် ဝင်ခွင့်ရဖို့ ကြိုးစားသည့်နည်းများ သုံးလာကြသည်။

ဥပမာ-ရန်ကုန်မြို့ရှိ နိုင်ငံရေးနှင့် မပတ်သက်သူတဦးက အမေရိကန်နိုင်ငံ သွားလိုလျှင် ပွဲစားအမျိုး မျိုးမှတဆင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုခုသို့ ဒုက္ခသည်အတုလုပ်ပြီး တတိယနိုင်ငံ တခုခုရောက်အောင် လူကုန်ကူးကြခြင်းဖြစ်သည်။

ပွဲစားမှာလည်း အမျိုးမျိုးရှိပြီး ရန်ကုန်မှ နယ်စပ်ရောက်အောင် ပို့ပေးသည့်အဆင့် ပွဲစားများတွင်ပင် အမေရိကန်နို်င်ငံမှာ နိုင်ငံရေးခိုလှုံခွင့်နှင့် ရောက်နေပြီး နောက်ပိုင်း အမေရိကန်နိုင်ငံသားဖြစ်လာသူ မြန်မာအချို့ပင် ပါဝင်သည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။ အဆိုပါ အမေရိကန်နိုင်ငံသား မြန်မာ ပွဲစားများကို ရန်ကုန်ကို အလည်အပတ် ပြန်စဉ်ကာလအတွင်း အမေရိကန် သွားလိုသူများကို အခကြေးငွေယူပြီး နယ်စပ်ပွဲစားများကတဆင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုခုသို့ လူမှောင်ခိုကုန်ကူးခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည်များ အမေရိကန်အပါအဝင် တတိယ နိုင်ငံများသို့ ထွက်ခွာသည့်လမ်းကြောင်းမှာ ယခုအခါ ငွေကြေးတတ်နိုင်သူများ၏ စားကျက်ခွင်တခု အဖြစ် ပြောင်းလဲသွားပြီဟု နို့ဖိုးဒုက္ခသည်စခန်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြင့်အောင်က ပြောသည်။

၎င်းက “ငွေကြေးတတ်နိုင်သူတွေကတော့ စိတ်ကြိုက် လုပ်ချင်တာရတဲ့ ခွင်ဖြစ်သွားတာ (၂) နှစ် ကျော်သွားပြီ။ ကျနော်တို့စခန်းမှာ ဂျပန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရထားတဲ့ မြန်မာတယောက် ရန်ကုန်မှာ ကျန်နေတဲ့ သူ့မိသားစုကိုခေါ်ပြီး ဘတ်ငွေ (၃) သိန်းလောက် အကုန်ခံပြီး ဒုက္ခသည် စခန်းက လူကြီးတွေ ရပ်ကွက်မှူးတွေနဲ့ ညှိလိုက်တာ အခု မိသားစုလိုက်ကို အမေရိကန်ရောက် ကုန်ပြီ။ ဒါက စခန်းအချို့မှာဖြစ်နေတာ၊ အထူးသဖြင့် မဲဆောက်နဲ့နီးတဲ့ စခန်းတွေမှာဖြစ်တယ်” ဟုပြောသည်။

ရန်ကုန်အပါအဝင် ဒေသအသီးသီးက မြန်မာများမှာ ဒုက္ခသည်စခန်းများမှတဆင့် အမေရိကန် ရောက်ရှိရေးအတွက် ထောင်မြင်ရာစွန့်ကာ မဲဆောက်နှင့် ဒုက္ခသည်စခန်းများရှိ အသိအကျွမ်း ဆွေမျိုးများ၊ ကြားပွဲစားများနှင့် ဆက်သွယ်ကာ ငွေထုပ်ပိုက်လာသူများ အဆင်ပြေသူများ ရှိ
သကဲ့သို့ အဆင်မပြေဘဲ အလိမ်ခံရကာ ဖွတ်မရ ဓားမဆုံး ဘဝပျက်၍ မဲဆောက်တွင် သောင်တင် နေသူများလည်း အများအပြားရှိသည်။

ဒုက္ခသည်ပွဲစားများသည် ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ ကဲ့သို့မြို့ကြီးတို့မှ လူများကိုဆက်သွယ်ပြီး တဦးချင်းအလိုက် ဘတ်ငွေ (၅) သောင်း (မြန်မာကျပ်ငွေ ၁၇ သိန်းခန့်)၊ မိသားစုအလိုက် ဘတ်ငွေ (၁) သိန်း (မြန်မာငွေ ၃၅ သိန်းခန့်) အထိ ပွဲခယူကာ လူမှောင်ခိုကူးလျက်ရှိသည်။ မဲဆောက်တွင် နေထိုင်ပြီး ထိုင်း ဧည့်နိုင်ငံသားလက်မှတ် ရရှိထားသည့် မြန်မာမိသားစု (၅) ဦးဆိုလျှင် ဘတ်ငွေ (၂) သိန်းခွဲဖြင့် စခန်းဝင်ရန် မလိုဘဲ အမေရိကန်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ငွေအလုံးအရင်းနှင့် ပေးနိုင်သူများ ဒုက္ခသည်စခန်းအတွင်း လာရောက်နေထိုင်ရန်မလိုဘဲ ကုလ သမဂ္ဂမှ လူတွေ့စစ်ဆေးမည့်နေ့ရက်၊ ဆေးစစ်မည့်နေ့၊ လေယာဉ်စီးသင်တန်းနှင့် အခြားဗဟုသုတ ဆိုင်ရာ သင်တန်းတက်ရမည့်နေ့များကို စခန်းအတွင်းရှိ ပွဲစားက ဖုန်းဖြင့်ဆက်သွယ်လာပါက မဲဆောက်မှ ကားငှား၍ သွားရုံသာဖြစ်သည်။

အချို့နိုင်ငံရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များဆိုလျှင် ၎င်းတို့ကိုယ်တိုင် နိုင်ငံခြားမထွက်ကြသော် လည်း ပြည်တွင်းရှိ ၎င်းတို့ဆွေမျိုးသားချင်းများ၊ အသိအကျွမ်းများအား နိုင်ငံကူးလက်မှတ်များ ပြုလုပ်ကာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှ ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်သို့ လာစေသည်။ ထိုမှတဆင့် နယ်စပ်ဒုက္ခသည် စခန်းများသို့ သွားကာ တတိယနိုင်ငံတခုခု ရောက်ရှိရေးအတွက် ကြိုးစားကြသူ အများအပြားရှိသကဲ့သို့ ဒေါနတောင်တန်းကို ကျော်ပြီး နယ်စပ်မြ၀တီမြို့မှတဆင့် လာရောက်သူများလည်းရှိသည်။

အမေရိကန်ရောက်ရှိသွားသူ အမျိုးသမီးတဦးက “ရန်ကုန်ကနေ လေယာဉ်နဲ့ထွက်တယ်။ ဒေါ်လာ (၂) ထောင်ယူလာတယ်။ ဘန်ကောက်မှာ လာကြိုတဲ့ အသိတွေနဲ့ မဲဆောက်သွားပြီး ပွဲစားနဲ့ တွေ့တယ်။ စခန်းထဲ ဝင်ရဖို့ စောင့်ရတာ (၂) လကျော်ကြာတယ်။ စာအုပ်က ဘန်ကောက်အဝင် တလနေထိုင်ခွင့်ရတယ်။ ရက်ပြည့်တာနဲ့ မဲဆောက်မှာရှိတဲ့ ထိုင်းလ၀ကရုံးမှာ တလဘတ်ငွေ (၂,၈၀၀) နှုန်းနဲ့ (၂) လ ထပ်ရတယ်။ အဲဒါပြီးရင် စာအုပ်သေပြီ။ ကန့်ထဲကိုဝင်ဖို့ စာအုပ်မသေခင် ပြီးအောင်စီစဉ်ရတယ်။ စခန်းထဲမှာနေဖို့ အိမ်ဝယ်တဲ့ကိစ္စ လူဟောင်းစာရင်းထဲ လူစားထိုးတဲ့ ကိစ္စတွေကို ပွဲစားကပဲ အားလုံးစီစဉ်ပေးတယ်။ ဘတ်ငွေ (၁) သိန်းလောက်ကုန်တယ်။ လိုတဲ့ငွေကို အိမ်က အောက်လမ်းကနေ မဲဆောက်ကို ပို့ပေးတယ်။ ငွေလွှဲတဲ့ဆိုင်က ဒုက္ခသည်စခန်းအထိ ငွေလာပို့ပေးတယ်" ဟု ပြောသည်။

ဒုက္ခသည်စခန်း၌ အဝင်အထွက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်းမှ အမည်မဖော်လိုသူတဦးက “ဒီကိစ္စ ပြောရရင်တော့ စခန်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေ၊ ယူအန်ကလူတွေ ပါဝင်ပတ်သက်မှုတွေရှိတယ်။ ၂၀၀၅ ခုနှစ်က စခန်းတိုင်းမှာ ဒုက္ခသည်တွေကို မှတ်ပုံတင်လုပ််ပေးတယ်။ ဓာတ်ပုံရိုက်တယ်။ လက်ဆယ်ချောင်း စလုံး လက်ဗွေနှိပ်ရတယ်။ မှန်ပြားပေါ်မှာ လက်ဗွေနှိပ်ရပြီး ချက်ခြင်းပဲ ကွန်ပျူတာထဲသွင်းတယ်။ ဒါကို ထိုင်းပြည်ထဲရေးက ကိုင်တယ်။ ဒုက္ခသည်တွေ နိုင်ငံခြားထွက်ရဖို့ ဆုံးဖြတ်တာက UNHCR နဲ့ သက်ဆိုင်ရာ တိုင်းပြည်ရဲ့သံရုံးတွေဖြစ်တယ်။ နိုင်ငံခြားသွားဖို့ စီစဉ်တာက IOM ဖြစ်တယ်။ သူ့ အလုပ်က ဆေးစစ်မယ်။ ယဉ်ကျေးမှုသင်တန်း တက်ရမယ်။ ခရီးသွားသင်တန်း တက်ရမယ်။ နိုင်ငံခြားထွက်မယ့်လူဟာ စခန်းအုပ်ချုပ်ရေးမှူး (ပလာ) က လက်မှတ်မထိုးရင် စခန်းထဲကနေ
လုံး၀ထွက်ခွင့်မရှိဘူး။ အဲလိုစနစ်တကျ ရှိတဲ့ကြားမှာ နိုင်ငံခြားထွက်ရဖို့ လူသစ်တွေကို လူဟောင်း
တွေနဲ့ အစားထိုးတဲ့ကိစ္စမှာ အောက်ခြေကနေစပြီး အထက်အထိ အားလုံးပါဝင်မှုမရှိရင် ဒီကိစ္စ ဘယ်ဖြစ်မှာလဲ” ဟု ပြောသည်။

မဲဆောက်တွင် စီးပွားရေးလုပ်ငန်းတခု လုပ်ကိုင်နေသည့် မူတူးဆိုလျင် အမေရိကန်သွားခါနီးမှ လူတဦးက ဘတ်ငွေ (၅) သောင်းဖြင့် လူစားထိုးရန် လာညှိသဖြင့် အမေရိကန် မသွားတော့ဘဲ ၎င်းငွေဖြင့် ရင်းနှီးပြီး မဲဆောက်မှာပင် စီးပွားရေးလုပ်ကိုင်လျက်ရှိသည်။

၂၀၀၅ ခုနှစ် ဒုက္ခသည်စခန်းများတွင် မှတ်ပုံတင်စဉ်က မဲဆောက်ဒေသအတွင်းမှ လူများ အုန်းဖျန်၊ နို့ဖိုး၊ မယ်လ စသည့်ဒုက္ခသည်စခန်းများသို့သွားကာ သက်ဆိုင်ရာ စခန်းကော်မတီဝင်များ ရပ်ကွက် မှူးများ ပွဲစားများဖြင့် ဆက်သွယ်ကာ မှတ်ပုံတင် ပြုလုပ်ကြသည်။ ရာနှင့်ချီရှိသည့် အဆိုပါလူများ သည် မဲဆောက်မြို့ရှိ မြန်မာစီးပွားရေး အလွှာအသီးသီးတွင် လုပ်ကိုင်နေကြသူ အများစုဖြစ်သည်။

မဲဆောက်ကျောက်ဝိုင်းမှ ကျောက်အရောင်းအဝယ် လုပ်ကိုင်ကြသည့် မြန်မာများ အနည်းဆုံး (၁၀၀) ခန့် (၁) နှစ်ကျော်ကာလအတွင်း အမေရိကန် ရောက်ရှိသွားပြီဟု သားသမီးများ အမေရိကန် ထွက် သွားသူ မြန်မာကျောက်ကုန်သည်တဦးက ပြောသည်။

၎င်းအဆိုအရ လူတဦး အနည်းဆုံး ဘတ်ငွေ (၅) သောင်းမှ (၁) သိန်းထိ ပေါက်ဈေးရှိကြောင်း ယခု အချိန်ထိ သွားလာလုပ်ရှားသူများ မပြတ်ရှိကြောင်း၊ ပွဲစားများ မဲဆောက်တွင် အမြဲရှိကြောင်း ပြောသည်။

ခါတော်မီများ ငါးပွက်ရာ ငါးစာချနေချိန်တွင် နို့ဖိုးဒုက္ခသည်စခန်းရှိ မြန်မာ့နိုင်ငံရေးဒုက္ခသည် NI နံပါတ် (၁၆၇) ခု၊ လူဦးရေ (၅၀၀) ခန့်သည် သံရုံးအင်တာဗျူးနှင့် ဆေးစစ်အပြီးတွင် ၎င်းတို့အား အကန့်အသတ်မရှိ ဆိုင်းငံ့ထားကြောင်း သံရုံးမှ အကြောင်းပြန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဒုက္ခ သည်တဦးက ဒုက္ခသည်မဟုတ်သည့် အကြံအဖန်များကိုတောင် လက်ခံလျှင် ဒုက္ခသည် အမှန် အကန်များအတွက် လက်ခံစဉ်းစားသင့်သည်ဟုပြောပြီး ၎င်းကိစ္စအတွက် အမေရိကန်အစိုးရထံသို့ စုပေါင်းလက်မှတ်ရေးထိုးကာ တောင်းဆိုမှု ပြုလုပ်မည်ဟု ပြောသည်။

ဒုက္ခသည်စခန်းများမှ အမေရိကန်နှင့် တတိယနိုင်ငံတခုခု ထွက်လိုသူများကြောင့် မဲဆောက်ရှိ ပွဲစားများမှာ ဘတ်ငွေ သိန်းချီကာ မြိုးမြိုးမြက်မြက် ပွဲခရသော်လည်း စခန်းလူကြီးများ အပါအဝင် ဒုက္ခသည်စခန်းရှိ အဓိက စီစဉ်ပေးသူများမှာ သောင်းဂဏန်းခန့်သာ ရရှိကြသည်ဟု ပွဲစားများနှင့် ရင်းနှီးသူများက ပြောသည်။

အမေရိကန်နှင့် အခြားနိုင်ငံများသို့ ရောက်ရှိပြီး ၎င်းနိုင်ငံသားများ ဖြစ်သွားကြသော မြန်မာလူမျိုး အချို့ မဲဆောက်သို့ ပြန်လာကာ ဆွေမျိုးသားချင်းများနှင့် တတိယနိုင်ငံတခုခု သွားလိုသူများ အတွက် ကူညီမှုများရှိပြီး အချို့မှာ ပွဲစားကဲ့သို့ အခကြေးငွေများယူကာ မက်လုံးပေး စည်းရုံးမှုများ ကြောင့် မြန်မာအချို့ ခရီးပေါက်သူများရှိသလို အချို့အလိမ်ခံရရုံမက အမျိုးသမီးအချို့ ဘဝပျက် ခဲ့ကြရသည်။

ဒုက္ခသည်စခန်းများတွင်လည်း စခန်းတာဝန်ရှိသူများကိုယ်တိုင် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ် ကြသဖြင့် စခန်းအတွင်း ဒုက္ခသည်အတုနှင့် အစစ်များကြားတွင် မကျေနပ်မှုများ ရှိကြသော်လည်း မပြောရဲကြောင်း၊ ၎င်းအတုများကို စခန်းတာဝန်ရှိသူများက အရေးကြီးပုဂ္ဂိုလ်များကဲ့သို့ ထား ကြောင်း၊ သာမန်လူများအနေဖြင့် ကြည့်လျှင် ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုများမှ ထွက်ပြေးတိမ်း ရှောင်လာသူများဟု ထင်ရလောက်အောင် ဟန်ဆောင်ကောင်းကြကြောင်း ဒုက္ခသည်တဦးက ပြောသည်။

လူမှောင်ခိုနည်းဖြင့် ရောက်လာသည့် ဒုက္ခသည်အတုတို့သည် အချိန်မှန် ဘီဘီစီ၊ ဗွီအိုအေ နား ထောင်ခြင်း၊ နိုင်ငံရေးအဖွဲ့အစည်းများမှ ထုတ်ဝေသော စာအုပ်စာတမ်းများကိုင်ဆောင်ခြင်း၊ ဒေါ် အောင်ဆန်းစုကြည် မိန့်ခွန်းများ အလွတ်ကျက်ခြင်း၊ ၈၈ နောက်ပိုင်း အရေးကြီး မြန်မာ့နိုင်ငံရေး ဖြစ်ရပ်များနှင့် နေ့စွဲများကို အလွတ်ကျက်ခြင်းများ ပြုလုပ်ပြီး ဟန်ဆောင်ကြသည်ဟု သိရသည်။

၎င်းဖြစ်ရပ်များနှင့် ပတ်သက်၍ ဒုက္ခသည်စခန်းအချို့မှ တာဝန်ရှိသူများနှင့် အန်ဂျီအိုများအား မီဒီ ယာများက မေးမြန်းကြရာ ကောလာဟလသတင်းများသာဖြစ်သည်ဆိုပြီး အဖြစ်မှန်ကို ဖုံးကွယ်၍ တုံ့ပြန်ဖြေကြားလေ့ရှိသည်။

သို့သော် ဒုက္ခသည်အစစ်များအား နှစ်ချီ၍ ရိက္ခါမပေးသောကြောင့် မယ်လစခန်းမှဒုက္ခသည် (၂၀) ခန့် မဲဆောက်ရှိ UNHCR ရုံးတွင် ယခင်လက လာရောက်ဆန္ဒပြမှုတရပ် ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများ၏ အဆိုအရ မယ်လဒုက္ခသည်စခန်းတွင် ယူအန်အသိမှတ်ပြု လက်မှတ်ရပြီး ရိက္ခါမရရှိသူ (၁၀၀) ကျော်ရှိသည်ဟု စုံစမ်းသိရသည်။

မဲဆောက်အခြေစိုက် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ အဖွဲ့ဝင်တဦးကမူ ဒုက္ခသည်စခန်းမှတဆင့် သွားသော်လည်း ထိုင်းမှာ အသစ်ပြဋ္ဌာန်းသည့် “လူကုန်ကူးမှုကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းဥပဒေ ဘီအီး ၂၅၅၁” အရ လူကုန်ကူးမှု မြောက်သည်ဟုပြောပြီး ယခုဖြစ်ရပ်တွင် သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်မှာလည်း လူကုန်ကူးမှုကျူးလွန်ရန် အားပေးကူညီခြင်း ပုဒ်မ-၇ အရ အကျုံးဝင်သည်ဟု ပြောသည်။

ယခုဖြစ်ရပ်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက နည်းလမ်းတကျ ဖြေရှင်းမှု မပြုဘဲထားမည် ဆိုပါက ဒုက္ခသည်စခန်းအချို့သည် မသမာသူများ ကြီးစိုးရာဒေသနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ သည့် ပတ်ဝန်းကျင်ဖြစ်လာပြီး မလိုလားအပ်သော ပြဿနာများ ဆက်တိုက်ဖြစ်ပေါ်လာနိုင်သည်ဟု ဒုက္ခသည်စခန်းမှ ဘာသာရေးခေါင်းဆောင်တဦးက ပြောသည်။ ။

(ဤသတင်းဆောင်းပါးတွင် ပါဝင်သည့် ပုဂ္ဂိုလ်တို့၏ အမည်ရင်းကို လွှဲပြောင်းထားသည်)

ခေတ်ပြိုှုင် အင်တာနက် စာမျက်နှာပါ အထူးဆောင်းပါး ကို ကြိုက်နှစ်သက်ပါသဖြင့် ကူးယူဖော်ပြလိုက်ပါသည်။ အခက်အခဲအမျိုးမျိုးကြောင့် မူလစာရေးသူထံမှ ခွင့်ပြုချက် တောင်းခံနိုင်ခြင်း မရှိပါ။

Share

0 comments:

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.